ဆိပ်ဖြူမြို့နယ်တွင် ရေလုပ်သားများ ငါးကြီးဖမ်းရာသီ၌ မိသားစုဝင်ငွေရရှိရေးဆောင်ရွက်

ဆိပ်ဖြူ နိုဝင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်မှ ရေလုပ်သားများသည် ငါးကြီးဖမ်းရာသီ၌ မိသားစုဝင်ငွေရှိရေးအတွက် ဧရာဝတီမြစ်အတွင်း ငါးဖမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ဆိပ်ကမ်းသာရေလုပ်သားများသည် မိသားစုစားဝတ်နေထိုင်ရေး၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်နိုင်ရန် ဧရာဝတီမြစ်ကိုအမှီပြု၍ မိသားစုဝင်ငွေရရှိရေးအတွက် ရှာဖွေလုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိပ်ကမ်းသာရေလုပ်သားများအနေဖြင့် ငါးဖမ်းခြင်းလုပ်ငန်းကို ငါးရစ်ငါးသန် ငါးသားပေါက်သည့် အချိန်ကာလမှလွဲ၍ မိသားစုဝင်ငွေရရှိရန် ရေလုပ်ငန်းလုပ်ကိုင်သူ (၆၀) ဦးခန့်၊ လှေအစင်း(၆၀)တို့ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ငါးကြီးဖမ်းရာသီကာလမတိုင်မီ ရေလုပ်သားများသည် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေးအတွက် ပိုက်အသစ်ထောင်ခြင်း၊ ပိုက်ပြုပြင်ဖာထေးခြင်းများ၊ လှေပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်ရကြောင်း၊ ငါးကြီးဖမ်းရာသီကာလ ရောက်ရှိလာသည်နှင့် ရေလုပ်သားများသည် ငါးဖမ်းပိုက်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန် မြစ်အတွင်း ရေစီးချောင်းမှ သစ်မြစ်သစ်တုံး(ချော်တုံး)များ စုပေါင်းဖော်ဆောင်၍ ဖယ်ရှားပြီး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရကြောင်း၊ ငါးကြီးဖမ်းခြင်းလုပ်ငန်း လုပ်ကိုင်ရန် စုရပ်၌ အလှည့်ကျ တန်းစီစောင့်ဆိုင်းပြီး အလှည့်ကျ ရေစုန်မျောပိုက်ချဖမ်းရသည့်လုပ်ငန်းဖြစ်ကြောင်း၊ လှေအစီးအရေအတွက်ပေါ်မူတည်၍ တစ်နေ့လျှင်နေ့ည နှစ်ကြိမ်ခန့်သာ ဆောင်ရွက်ရကြောင်း၊ ထိုသို့ပိုက်ကြီးချခြင်းမှ အချိန် သုံးပိဿာနှင့် ၆ ပိဿာကြားရှိ ငါးတန် ၊ငါးထွေ၊ ငါးကြင်း အစရှိသော ငါးများကို ဖောက်သည်ဈေးဖြင့် ငါးအရောင်းအဝယ်ဒိုင်များသို့လည်းကောင်း ကိုယ်တိုင်ဈေးများ၌ ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိကြကြောင်း၊ ငါးကြီးဖမ်းရာသီမှ ရရှိသော မိသားစုဝင်ငွေသည် ငါးဖမ်းခြင်းလုပ်ငန်းကို ငါးရစ်ငါးသန် ငါးသားပေါက်သည့် အချိန်ကာလမြစ်အတွင်း ရေချိုငါးမဖမ်းရ ရာသီ၌ မိသားစုစားဝတ်နေထိုင်ရေး၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ကြရကြောင်း၊ ငါးကြီးဖမ်းရာသီဖြစ်သည့် တန်ဆောင်မုန်းလမှ တပေါင်းလအတွင်း ရေလုပ်သားများ၏ မိသားစုဝင်ငွေသည် ငွေကျပ် (၇)သိန်းခန့်မှ (၂၅)သိန်းခန့် ဝင်ငွေရှိခဲ့ကြပြီး၊ ယခုနှစ် ငါးကြီးဖမ်းရာသီတွင် ရေလုပ်သားများအနေဖြင့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ၊ မြစ်အတွင်း ရေကြောင်းပြောင်းလဲပြီး သဲသောင်ထွန်းမှုများလာကာ ရေတိမ်များပြီး ယခင်နှစ်များထက် ငါးကြီးတွေ့မှု နည်းပါးနေကြောင်း၊ ယခင်နှစ်က ပိုက်တစ်ချက်မျောလျှင် အနည်းဆုံး ငါးပိဿာခန့်ရှိ ငါးကြီး(၁)ကောင်မှ (၇)ကောင်ခန့် ဖမ်းမိတတ်ပြီး ယခုနှစ်မှာ ငါးကြီးတွေ့မှုနည်းပါးသည့်အတွက် ငါးကြီးဖမ်းရေလုပ်သား ယခင်နှစ်ထက် လျော့နည်းကြောင်း၊ ငါးကြီးတွေ့ရှိမှုမရှိသည့်အတွက် စက်သုံးဆီဖိုးဆုံးရှုံးမှုများရှိသလို မြစ်အတွင်းကျန်ရှိသော သစ်မြစ်သစ်တုံး (ချော်တုံး)များကြောင့် ငါးဖမ်းပိုက်များ ပျက်စီးမှုရှိသည့်အတွက် ရေလုပ်ငန်းဆောင်ရွက်မှုနည်းကြောင်း၊ လက်ရှိငါးကြီးဖမ်းသူများအနေဖြင့်လည်း ငါးကြီးဖမ်းရာသီအစမှ လက်ရှိအချိန်အထိ မိသားစုဝင်ငွေ (၅)သိန်းခန့်သာရှိသေးပြီး လုပ်ငန်းကြိုတင်ပြင်ဆင်စရိတ်များ မကာသေးကြောင်း၊ လက်ရှိမြစ်အတွင်းမှ ဖမ်းမိသော ငါးတန်တစ်ပိဿာ ငါးဒိုင်ရောင်းလျှင် (၇၀၀၀)ကျပ် ရရှိပြီး၊ ကိုယ်တိုင်ဈေးအတွင်းရောင်းချလျှင် ၁၀၀၀၀ ကျပ်အထိရရှိကြောင်း ငါးအရနည်းသဖြင့် ဈေးအတွင်း၌သာ ကိုယ်တိုင်ရောင်းချကြကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။          

စိုးလင်းနိုင်(IPRD)