ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ အမျိုးသမီးများအကြမ်းဖက်မှုမှကာကွယ်စောင့်ရှောက်ရေး အသိပညာပေး Talk Show ကျင်းပ

ငဖဲ ဒီဇင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဆိုင် ရာအသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ယုယုသိန်းက အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဟန်နီထွန်းက အမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အကြမ်းဖက်မှုအမျိုးအစားများဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင်ရာအကြမ်းဖက်ခြင်း၊ အကြမ်းဖက်မှုဖြစ်ပွားနိုင်သော အကြောင်းရင်းများ၊  အကြမ်းဖက်မှုဖြစ်ရခြင်း၏ အကျိုးဆက်များ၊ မကွေးတိုင်း ဒေသကြီးအတွင်း ကျား၊ မ အခြေပြုအကြမ်းဖက်မှုများအား ကူညီဆောင်ရွက်ပေးမှုနှင့် အခြား ဝန်ဆောင်မှုပေးသည့်အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူး၍ Online မှတစ်ဆင့် လစဉ်ပုံမှန်ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)