ရွှေတောင် ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထက(ခွဲ) သရက်တောကျောင်းတွင် ယနေ့နံနက် (၁၀)နာရီ အချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်စောက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးစားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးက စားသုံးသူနှင့်ပတ်သက်သော ကုန်စည်နှင့် ဝန်ဆောင်မှု၊ ကုန်အညွှန်းအမှတ်အသား (၈)ချက် အကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေးနှင့်ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်သပြေက အားကစားနည်းများအကြောင်း၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းသို့ တက်ရောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့် ကိုယ်လက်လှုပ်ရှားအားကစား ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ ရွှေတောင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အထက (ခွဲ) သရက်တောကျောင်းအတွက် အားကစားပစ္စည်းများပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များအားပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း( ပြန်/ ဆက်)