ဖားဆောင်း ဒီဇင်ဘာ ၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က မြို့နယ်ကလေးသူငယ်အအခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကိုကျင်းပရာ ကော်မတီတွင်ပါဝင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးက အမှာစကားပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် အခြေခံမူ(၄)ရပ်အနေဖြင့်ကလေးသူငယ်များအား ခွဲခြားသတ်မှတ်မှုမရှိစေသောမူ၊ အသက်ရှင်သန်ရေးနှင့်ဖွံ့ဖြိုးတိုးတက်စေသောမူ၊ ကလေးသူငယ်ထင်မြင်ယူဆချက်ကို အလေးပေးဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်စောင့်ရှောက်ပိုင်ခွင့်ပါဝင်ဆောင်ရွက်ခွင့်ဟူသည့် အခွင့်အရေးများနှင့်အညီ ကလေးသူငယ်နည်းဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများကို အသစ်ပြင်ဆင်ပြဌာန်းခဲ့ပြီး ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နန်းချိုလေးမွန်က အသက်(၁၈)နှစ် မပြည့်သူများကို ကလေးသူငယ်ဟု သတ်မှတ်ထားကြောင်း၊ ကလေးသူငယ်များ၏အကျိုးကိုရှေးရှု၍ ကာကွယ်စောင့်ရှောက်ခြင်း၊ တန်ပြန်ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းများ စွမ်းရည်မြှင့်တင်ပေးခြင်းလုပ်ငန်းများ၊ မသန်စွမ်းသည့်ကလေးများကိုလည်း မသန်စွမ်းသူ၏ အခွင့်အရေးများအပြင် သန်စွမ်းသူများနှင့်တန်းတူအခွင့်အရေးများ ခံစားခွင့်ရှိကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်လိုသည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များမှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များအပေါ် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)