နာဂဒေသ၊ ပန်ဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြုလုပ်ကျင်းပ

ပန်ဆောင် နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နောင်ယန်းခန်းမ၌ ယမန်နေ့နံနက် (၉)နာရီအချိန်က ပန်ဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပြုလုပ် ကျင်းပခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ နောက်ခံသမိုင်းကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍ၏အရေးပါရှိမှု၊ နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးများနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့အုပ်ချုပ်ရေးနှင့် ပန်ဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအုပ်၊ အမှုထမ်း၊ အရာထမ်း စုစုပေါင်း ၂၈ ဦးတို့အတွက် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ယင်းဌာန စာရေး ဦးထွဋ်လင်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ၃၄ နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဌာန နှစ်ပတ်လည်အခမ်းအနားအား နှစ်စဉ် နိုဝင်ဘာ (၇) ရက်နေ့ရောက်တိုင်း ကျင်းပလျက်ရှိပြီး ရုံးဝန်ထမ်းများအား ကံစမ်းမဲဖောက်ခြင်း အစီအစဉ်များ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ဂျာယော်(ပန်ဆောင်)