ကန်ကြီးထောင့် နို၀င်ဘာ ၈
ယမန်နေ့ ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်များ ဖြစ်သည်နှင့်အညီ ကန်ကြီးထောင့်မြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ ဘုန်းတော်ကြီးကျောင်းများ၌အများပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖူးမြော်ကြည်ညိုလျက်ရှိရာ ကန်ကြီးထောင့်မြို့ပေါ်ရှိ လောကမှန်ကူဆုတောင်းပြည့် စေတီတော်မြတ်ကြီးနှင့် ကျုံဒရယ်အုပ်စုရှိဂမုန်းတစ်ထောင် (၁၀၈) တောင်စေတီတော်ဘုရား၊ လက်ဆောင်ကွင်းကျေးရွာရှိ ရွှေမောင်းတီး စေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ မိဘပြည်သူများက ဝါကျွတ်ကာလအခါသမယ အဖြစ် ပန်း၊ ဆီမီးများပူဇော်ခြင်း၊ မြတ်စွာဘုရားရှင်အား ဖူးမြော်ကြည်ညိုခြင်းများကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီဖူးမြော်ကြည်ညို ကုသိုလ်ယူခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက် လမ်းများပေါ်တွင်လည်း ပြည်သူများစည်ကားလျက်ရှိပြီး အလားတူ ညပိုင်းတွင်လည်း လမ်းများနှင့် ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများတပ်ဆင်ခြင်း၊ အများပြည်သူအပန်း ဖြေနေရာများတွင်လည်း ရောင်စုံမီးများဖြင့် မီးအလှများတပ်ဆင်ထားရှိပြီး ပြည်သူများလာရောက် အနားယူ အပန်းဖြေလျက်ရှိကြောင်း သိရှိရသည်။
မဇင် (ပြန်/ဆက်)