ရွှေတောင်မြို့၌ (၃၈)ကြိမ်မြောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ (မိုးကျ) စုပေါင်းဘုံကထိန် ရေစက်ချ တရားတော်နာကျင်းပ

ရွှေတောင် နိုဝင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၌ (၃၈) ကြိမ်မြောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ (မိုးကျ) စုပေါင်းဘုံကထိန် ရေစက်ချ တရားတော်နာ အခမ်းအနားကို  ယမန်နေ့  နေ့လယ်ပိုင်းက ကြာနီကန်ရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင်  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး နိုင်စိုး၊ မြို့နယ်လဝကဦးစီးမှူး ဦးသန်းထူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက "ဂန္တဝါစကပဏ္ဍိတ" ဘွဲ့တံဆိပ်တော်ရ မဟာဝိသုတာရာမ ဂန္ဓာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက မြို့နယ်အတွင်း ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခံရမှုမရှိသော ဆရာတော်၊ သံဃာတော်များအား ပဒေသာပင် (၁၉)ခု၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို  မဲစနစ်ဖြင့် ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့၏ (၃၈) ကြိမ်မြောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ (မိုးကျ) စုပေါင်းဘုံကထိန်တွင် ပဒေသာပင် (၁၉)ခု၏ အလှူပစ္စည်းတန်ဖိုး  ၃၅၁၈၂၀၀ ကျပ်၊ အလှူငွေ ၅၂၁၀၉၀၀ ကျပ်၊  စုစုပေါင်းအလှူတန်ဖိုး ၈၇၂၉၁၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်