လွိုင်ကော် ဩဂုတ် ၁၈
လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ လွိုင်ကော်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် ၁၀ နာရီအချိန် က အဆိုပါခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်ကော်ခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စွာမြင့် က ယနေ့လူငယ်နှင့် ရသစာပေခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ကျောင်းသား/ကျောင်းသူများ အနေဖြင့် ကျောင်းမှသင်ကြားပေးသော ပညာရပ်များအပြင် အခြားသော အထွေထွေဗဟုသုတအတွက် စာပေဖတ်ရှုရန်လိုအပ်ကြောင်း၊ စာအုပ်စာပေကသာ ကျောင်းသား/ကျောင်းသူများ၏ ဘဝကိုပြောင်းလဲပေးနိုင်ကြောင်း၊ စာပေဖတ်ရှုသည့်အတွက် အကျိုးအကြောင်း အဆိုးအကောင်းတို့ကို ဝေဖန်ပိုင်းခြားတတ်လာမည်ဖြစ်ပါကြောင်း၊ မည်သည့်ကိစ္စကိုမဆို ကိုယ်တိုင်စဉ်းစားတွေး ခေါ်တတ်လာမည်ဖြစ်ကြောင်း စသည်တို့ကို ဟောပြောခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လွိုင်ကော်ခရိုင်ရုံးမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေး နံရံကပ်ပြဘုတ်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)