စလင်း သြဂုတ် ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် လက်မဲကျေးရွာအုပ်စု၊ ဇယ်တွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ လုပ်ကိုင်ရန် သြဂုတ်လ ၁၅ ရက် နံနက်၁၀နာရီအချိန်က ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်နှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများ လိုက်ပါ၍ ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ကျေးလက်နေပြည်သူများအား လူမှုဘဝပြည့်စုံဖွံဖြိုးတိုးတက်စေရန်အတွက် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့်စိုက်ပျိုးရေးအခန်းကဏ္ဍများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မြို့နယ်ရဲမှူး အောင်သူက ကျေးရွာများအလိုက် လုံခြုံရေးများနှင့် ထူးခြားမှုဖြစ်စဉ်များတွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံးသတင်းပေးပို့ကြရန် မှာကြားခဲ့သည်။ ဆည်မြောင်းဌာနမှ ရေရှိရန်ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ မိမိတို့ရပ်ရွာဒေသများတွင် လမ်းပမ်းဆက်သွယ်ရေးများကအစ အလွန်တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်းနှင့် မြစိမ်းရောင်စီမံကိန်းများနှင့် ပတ်သက်သည်များကို ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆွေးနွေးခဲ့ပြီး လယ်ယာမြေစိုက်ပျိုးမြေများနှင့် ဆက်စပ်ကာ မြေစာရင်းအင်းဌာနမှ ဆက်လက်ဆွေးနွေးခြင်း၊ ကျေးလက်နေပြည်သူများမှ သိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ဖြေကြာခဲ့ကြသည်။ ဒေသခံပြည်သူများ၏ မေးမြန်းချက်များနှင့် ကျန်းမာရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးကြရန်နှင့် ပညာရေး၊ လူမှုရေးနှင့်စိုက်ပျိုးပြီးစီးမှုများပါမကျန် လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဖြည့်စွက်ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မောင်လွင်