ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ကသာ ဩဂုတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စောကလျာက “လူငယ်နှင့် မျိုးချစ်စိတ်ဓာတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက “လူငယ်ဘဝ မြှင်တင်ဖို့ စာပေဖတ်ရှုစို့” ခေါင်းစဉ်ဖြင့် လူငယ်များ၏ မျိုးချစ်စိတ်ဖြင့် အနာဂတ် နိုင်ငံတော်အတွက် ကြိုးပမ်းဆောင်ရွက်သင့်သည်များ၊ အသိဉာဏ်ပညာ ဆင်ခြင်တုံတရား မြင့်မားလာစေရန် စာအုပ်စာပေ၊ စာစောင်များ အဖော်ကောင်းပြုသင့်သည်များကို ရှင်းလင်း ဟောပြောခဲ့သည်။ ထို့နောက် အလယ်တန်း၊ မူလတန်းအဆင့် ဆေးရောင်စုံ ပန်းချီပြိုင်ပွဲတွင် ဆုရပန်းချီများ ပြသထားမှုကို လည်းကောင်း၊  သက်ငယ်မုဒိမ်းမှုဆန့်ကျင်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် ပန်းအလှအနုပညာများ ပြသထားသည်တို့ကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသည်။

အဆိုပါ ဟောပြောပွဲသို့ ကသာမြို့ အမှတ်(၄) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။                                                                                                               

ကျော်စွာ(ကသာ)