ဘူးသီးတောင် သြဂုတ် ၁၅
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များအား (၁/၂၀၂၂)သင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မေယုရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာမြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးမှ အဖွင့်အမှာစကားပြောကြားရာတွင် လူကုန်ကူးခြင်းဟူသော စကားရပ်သည် လူသားအချင်းချင်းအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း၊ လူသားအချင်းချင်းစာနာမှု ကင်းမဲ့စွာ လိင်ပိုင်းဆိုင်ရာ (သို့မဟုတ်) လုပ်အားစသည့်အပြင် အခြားသောနည်းများဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ကြခြင်းဖြင့် လူကုန်ကူးမှုပုံစံမျိုးစုံဟာ ယနေ့ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိပါတယ် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၀၀ပြည့်နှစ်တွင် ပြဌာန်းခဲ့ရာ အမျိုးသမီးနှင့်ကလေးသူငယ်များ အထူးပြုလုပ်သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ နောက်ဆက်တွဲ စာချုပ်လေးပါဝင်ပါကြောင်း ဆင်းရဲနွမ်းပါးမှု၊ ပိုမိုထိခိုက်လွယ်သော စီးပွားရေး၊ လူမှုရေးစံနှုန်းများနှင့် မိသားစုနောက်ခံများအပေါ် လူကုန်ကူးသူများက အလွဲသုံးပြုကျုးလွန်သဖြင့် ကလေးသူငယ်လူကုန်ကူးမှုနှင့် အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုများ နေရာအနှံအပြားရှိနေပါကြောင်း လူကုန်ကူးမှုတိုက်ဖျက်ရေးကို ရေတိုရေရှည်စီမံကိန်းများ ချမှတ်လုပ်ဆောင်လျက်ရှိပါတယ်။ လူကုန်ကူးသူလူပွဲစားများကို အပြစ်ပေးအရေးယူသည့် လုပ်ငန်းအပြင် လူကုန်ကူးခံရသူသည့် သူများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးရမည်ဖြစ်ရာ သက်ဆိုင်ရာအစိုးရဌာနများသည် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းကို အစိုးရမဟုတ်သောအဖွဲ့အစည်းများ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ရေးအဖွဲ့တွေနှင့် ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း အသီးသီးပြောကြားခဲ့သည်။
ထို့နောက်သင်တန်းတွင် လူကုန်ကူးမှုများဖြစ်ပေါ်လာခြင်းနှင့် တွန်းအား/ ဆွဲအားများ၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ တရားမဝင်ရွှေ့ပြောင်းသွားလာမှုခြားနားချက်များ၊ ကမ္ဘာနှင့်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော လူကုန်ကူးမှုများ၊ လူကုန်ကူးမှု၏ဆိုးကျိုးများနှင့် လူကုန်ကူးခံရသူ၏အခွင့်အရေးများ၊ တရားစွဲဆိုရေးလုပ်ငန်းစဉ်နှင့် လူကုန်ကူးခံရသူများ၏အရေးပါမှု၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနှင့် လူကုန်ကူးခံရသူဖြစ်ကြောင်း စိစစ်ဖော်ထုတ်ခြင်း၊ လူကုန်ကူးမှုဖြစ်စဉ်(၃)ဆင့်နှင့် စိစစ်ဖော်ထုတ်ရေးပုံစံများအသုံးပြုခြင်း၊ တွေ့ဆုံမေးမြန်းမှုပုံစံများ၊ လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံခြင်း၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးခြင်းနှင့် ပြန်လည်ထူထောင်ခြင်း၊ တားဆီးနှိမ်နင်းခြင်း၊ ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းနှင့် သက်သေခံပစ္စည်းကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ စသည့်သင်ခန်းစာများကို မြို့နယ်လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ (ဆန့်ထုပ်) ဘူးသီးတောင်ရဲတပ်ကြပ်ကြီးဇော်မင်းနှင့် တာဝန်ရှိသူများကသင်တန်းသား (၅၂)ဦးတို့အား သြဂုတ်လ(၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များာ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးဆောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ သင်တန်းသား/ သူများ၊ ဖိတ်ကြားထားသူများ (၁၀၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှကျော် ( ပြန်/ဆက် )