ပေါက်ခေါင်းမြို့နယ်၌ မိုးမြေပဲ၊ နှမ်းနှင့်‌နေကြာအပါအဝင် ဆီထွက်သီးနှံ ( ၅၃၄၅၂) ဧကစိုက်ပျိုး အောင်မြင်ဖြစ်ထွန်း

ပေါက်ခေါင်း ဩဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တောင်သူများ၏ လယ်ယာမြေများအတွင်း စိုက်ပျိုးထားရှိသော မိုးမြေပဲ၊ မိုးနှမ်းနှင့်နေကြာအပါအဝင် ဆီထွက်သီးနှံ (၅၃၄၅၂) ဧကကို ဒေသတွင်းစားသုံးဆီ ဖူလုံရေးအတွက် စိုက်ပျိုးထားရှိ‌ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃-ခုနှစ်တွင် ဆီထွက်သီးနှံနေကြာကို လယ်၊ ယာ၊ ကိုင်း ကျွန်းများတွင် (၇၂)ဧက၊ မိုး‌မြေပဲ (၁၅၃၃၄) ဧကနှင့် မိုးနှမ်း (၃၈၀၄၆) ဧက စုစုပေါင်း (၅၃၄၅၂) ဧကကို စိုက်ပျိုးထားရှိပြီး၊ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အထွက်နှုန်းကောင်းစေရန်နှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရန် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စိုက်ခင်းများအရောက် ကွင်းဆင်း၍ လိုအပ်သည်များကို နည်းပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်မိုးနှမ်းများကို ဩဂုတ်လဆန်းပိုင်းမှ စတင်ရိတ်သိမ်းနေကြောင်း သိရသည်။

ယခုနှစ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာအပါအဝင် နှမ်း၊ မြေပဲ စသည့်ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများ စုပေါင်း၍ ကျေးရွာတောင်သူများထံအရောက် နည်းပညာပေးသင်တန်း ဆွေးနွေးပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)