ရခိုင်ပြည်နယ် မောင်တောမြို့၌ ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်

မောင်တော ဩဂုတ် ၁၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ ဦးဆောင်ကာ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက အဖွင့်အမှာစကားပြောကြားရာတွင် လူကုန်ကူးမှုဟူသည်မှာ လူသားအချင်းချင်းအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်သည့် လူအအခွင့်အရေးချိုးဖောက်မှုဖြစ်ပါကြောင်း၊ လူကုန်ကူးမှုသည် ကမ္ဘာ့နေရာအနှံအပြားတွင် ဖြစ်ပွားလျက်ရှိကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၀၀ပြည့်နှစ်တွင် ပြဌာန်းခဲ့ပါကြောင်း၊  သင်တန်းသား/ သူများအနေဖြင့် သင်တန်းမှ ပို့ချပေးမည့် သင်ခန်းစာများကိုအလေးထား သင်ယူကြပါရန်နှင့် သင်တန်းသား/သူများကို ရပ်ကွက်ကျေးရွာ အသီးသီးတွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းထားပြီးဖြစ်ပါ၍ မိမိတို့ ရပ်ကွက်/ ကျေးရွာတွင် လူကုန်ကူးမှုဖြင့် အမှုဖွင့်အကူအညီတောင်းခံလာလျှင်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်  လိုအပ်ကြောင်း စသည့်တို့ကို မှာကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မောင်တော)မှ တပ်ဖွဲ့စိတ်မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၀)စုမှ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ရေးအဖွဲ့ဝင် (၅၀)ဦး တက်ရောက်သင်ယူမည့်ဖြစ်ရာ သင်တန်းကို ၃ ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)