ကန့်ဘလူ ဩဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ယနေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သူနာပြုဆရာမဒေါ်ဝင်းဝင်းမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်အလေးချိန် ချိန်ခြင်း၊ အရပ်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ ဗိုက်စမ်းသပ်ခြင်း(ကလေးအနေအထားပြုပြင်ခြင်း)၊ PMCT (မိခင်၌ HIVနှင့်အခြားရောဂါများရှိပါက (သန္ဓေသား)သား၊ သမီးသို့ ရောဂါကူးစက်ခြင်းမရှိအောင် ဆေးကျွေးကုသခြင်း)၊ ကာလသားရောဂါ၊ ငှက်ဖျားရောဂါ၊ ဆီးချိုရောဂါ ရှိ၊ မရှိ သွေးဖောက်စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးရာတွင် မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် ၇၀ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)