ကျိုက်မရောမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေပြင်အသက် ကယ်နည်းလက်တွေ့ သရုပ်ပြပွဲ ပြုလုပ်

ကျိုက်မရော သြဂုတ် ၁၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ကြက်​ခြေနီအသင်းတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေပြင်အသက်ကယ်နည်း လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကလိုင်းကနိုင်ကျေးရွာ ကျောက်တောင် လမ်းဟောင်း ရေနက်ကွင်း၌ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ရေပြင်အသက်ကယ်ခြင်း လက်တွေ့သရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးတင်သောင်းဦး ကြီးကြပ်ကာ မီးသတ်တပ်ဖွဲ့ဝင်၊ သန္ဓေ ၁၃ ဦး၊ အရန် မီးသတ်(၁၅) ဦး၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်း၄ဦး၊ မြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ (၁၀)ဦး၊ ပြည်သူ(၃၀)ဦး၊ စုစုပေါင်းအင်အား (၇၇)တို့ဖြင့် ရေနစ်သူအား ကယ်ဆယ်ရေးသုံး စက်လှေ (Assault -Boat) ၅စီး၊ အသက်ကယ်ဘောကွင်း အသုံးပြု၍  အသက်ကယ်အဖွဲ့ဝင်များမှ ကယ်ဆယ်ခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးသူနာ ပြုစုပေးခြင်း လူမှုကယ်ဆယ်ရေးအဖွဲ့များမှ လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ခြင်းတို့ကို  အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)