မိုးညို ဩဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး စတုတ္ထအကြိမ် (2nd Booster Dose) ထပ်မံထိုးနှံပေးခြင်းနှင့် တတိယအကြိမ် (Booster Dose) ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ရွှေဥဒေါင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် စုစုပေါင်း(၃)ကြိမ် ထိုးနှံထားပြီး(၆)လ အထက်ရှိသူများ အား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး စတုတ္ထအကြိမ် (2nd Booster Dose)ကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ထို့အတူ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်(၂)ကြိမ် ထိုးနှံထားပြီး(၆)လအထက်ရှိသူများအား တတိယအကြိမ် (Booster Dose) ထိုးနှံပေးခြင်းနှင့် အသက် (၁၈) နှစ်ပြည့် ပြီး အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမှ ကာကွယ်ဆေးမထိုးနှံရသေးသူများကိုလည်း (ပထမအကြိမ်)ထိုးနှံ ပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန အနေဖြင့်ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့ပေါ်ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေး ကျန်းမာရေးဌာန တို့တွင်လည်းကောင်၊ ကျေးရွာအုပ်စုများရှိကျန်းမာရေးဌာန များတွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)