တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တည်ဆောက်ရေး လုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေးပြီး စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

ပုသိမ် ဩဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်  တာဝန်ရှိသူများနှင့် အတူ ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့အမှတ်(၅)ရပ်ကွက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျှက်ရှိသည့် ၄ ခန်းတွဲ ၄ ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ဥမ္မာဒန္တီအိမ်ရာဝင်းရှိ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်အား ၄ ခန်းတွဲ ၄ ထပ်ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နေမှု အခြေအနေများကို  မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူးက ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေးအတွက် အလေးထားဆောင်ရွက်ရေး၊ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးစေရေး၊ လုပ်ငန်းဆောင်ရွက်မှုများ စနစ်တကျရှိစေရေး၊ သတ်မှတ်ထားသော အရည်အသွေးများ ပြည့်မီစေရေးတို့အား မှာကြားပြီး တိုက်ခန်းများအတွင်းရှိ ဧည့်ခန်း၊ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာနှင့်မီးဖို‌ချောင် လုပ်ငန်းများဆောက်ရွက်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဥမ္မာဒန္တီအိမ်ရာဝင်းရှိ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများသို့ သွားရောက်၍ တိုက်ခန်းများအတွင်းအပြင် ဆေးသုတ်ပြီးမှုနှင့် အခန်းများ ဖွဲ့စည်းထားရှိမှုများအား စစ်ဆေးပြီး အဆောက်အဦများ ရေရှည်တည်တံ့စေရေး အတွက် စနစ်တကျကိုင်တွယ် ထိန်းသိမ်းအသုံးပြုကြရန်၊ တိုက်ခန်းများ သန့်ရှင်း သာယာစေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန်မှာကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့တွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက် ထားရှိမှုအား ကမ်းနားလမ်းတစ်လျှောက်နှင့် ပုသိမ်တံတားအမှတ်(၂)ပေါ်သို့ လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အမှတ်(၁၅)၊ မြက်တိုရပ်ကွက်၊ စုပေါင်းရုံးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ e-ID စနစ်ဖြင့်အိမ်ထောင်စု လူဦးရေစာရင်း ဖြည့်သွင်းခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကာ အချက်အလက်များ မှန်ကန်စွာဖြည့်သွင်းရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းစေရေးမှာကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ် လမ်းဦးစီးဌာနက တာဝန်ယူ တည်ဆောက်လျက်ရှိသည့်  ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်၊  ပုသိမ်မြို့ရှောင်လမ်း ၄ မိုင် ၇ ဖာလုံ လမ်းချဲ့ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ လမ်းပုခုံးများ စနစ်တကျရှိစေရေး၊ အရည်အသွေးပြည့်မီစေရေး အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်သည် ကမ်းနားလမ်းရှိ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံး၌ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက မြို့တွင်းရေစီးရေလာကောင်းမွန်စေရေး Box Culvert များ ဆောင်ရွက်ထားရှိမှု၊ ရေမြောင်းများတူးဖော်မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပရေး အခြေအနေ များအား တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအား Green City၊ Clean City ဖြစ်စေရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာလှပရေးအတွက် ဆောင်ရွက်ပေးလျှက်ရှိရာ ပြည်သူများအားလုံး ပူးပေါင်း ပါဝင်စေရေး စည်ရုံးဆောင်ရွက်ပေးကြရန်၊ ရပ်ကွက်နေပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)