ငပုတော ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဟင်းအိုးချောင်း ကျေးရွာအုပ်စု၊ ရေငံ-သရက်ကုန်း ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ဦးစီးပြုလုပ်သည့် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် ဌာန ဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဒေသခံကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ကရင်အမျိုးသား အလံတော်အား အလေးပြုကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသား လူမျိုးပေါင်း (၁၃၅)မျိုး မှီတင်းနေထိုင်လျက်ရှိပြီး မိမိတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကားတို့ရှိကြောင်း၊ ကရင်တိုင်းရင်း သား လူငယ်လူရွယ်များအနေဖြင့် မိမိစာပေ၊ ယဉ်ကျေးမှုနှင့် ဘာသာစကားကို မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုကြောင်း ပြောကြားခဲ့ပြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ နယက မန်းရွှေအိုးက ချည်ဖြူဖွဲ့မင်္ဂလာ ပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး ကရင်အမျိုးသားတို့၏ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာစာတမ်းနှင့် ချည်ဖြူဖွဲ့မင်္ဂလာတွင် ပါဝင်သော ပစ္စည်း(၇)မျိုး အဓိပ္ပာယ် စာတမ်းလွှာကို ကရင်တိုင်းရင်းသား မောင်မယ်များက ကရင်၊ မြန်မာနှစ်ဘာသာဖြင့် ဖတ်ကြား တင်ပြကြသည်။
ယင်းနောက် ချည်ဖြူဖွဲ့မင်္ဂလာပြုလုပ်ပေးမည့် အဖိုး၊ အဖွားများက သတ်မှတ်ထားသော နေရာများတွင် နေရာယူကြပြီး ကျွဲချိုမှုတ် ချီးကျူးသံပေး၍ အဖိုး၊ အဖွားများက လိပ်ပြာခေါ် ဆုတောင်းပြု မင်္ဂလာပြုကြကာ အခမ်းအနားသို့ တက်ရောက်လာသူများက ချည်ဖြူဖွဲ့မင်္ဂလာခံယူကြသည်။ ချည်ဖြူဖွဲ့မင်္ဂလာ ဆင်ယင်ကျင်းပ နေစဉ် (လက်ချည်စဉ်) ကာလအတွင်း လူငယ်မောင်မယ်များက ကရင်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ ကြပြီး ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအား နေ့လယ်စာများဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။
အောင်သူ (ငပုတော)