မော်လမြိုင် ဩဂုတ် ၁၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ အတုလရန်အောင် ဘုန်းတော်ကြီး ကျောင်း၌ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အခမ်းအနားကို ဆရာတော် သံဃာတော်များ၊ ကျေးရွာ ရပ်မိ/ရပ်ဖများ၊ တိုင်းရင်းသားညီအစ်ကို၊ မောင်မယ်များက ယမန်နေ့ နံနက်ပိုင်းအချိန်က စုပေါင်းပြီး ကရင် အမျိုးသားသီချင်းကို ရှေးဦးစွာ သီဆို၍ စည်ကားသိုက်မြိုက်စွာဖြင့် ပျော်ရွှင် စွာ ပြုလုပ် ကျင်းပခဲ့ကြသည်။
ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်အခမ်းအနား၌ သဘာပတိကြီး အတုလရန်အောင် ဘုန်းတော်ကြီးကျောင်း ဆရာတော်က အဖွင့်အမှာ စကားပြောကြားရာတွင် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော် အခမ်းအနားကို ကရင်တိုင်းရင်းသား များအတွက် နှစ်စဉ် ကျင်းပပြုလုပ်ရခြင်းများ၏ ရည်ရွယ်ချက်များအကြောင်း၊ ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို မျိုးဆက်သစ်လူငယ်များက ရှေးဘိုးဘွားတို့၏ ရိုးရာအစဉ်အလာအတိုင်း ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့် ရှောက်သွားကြရမည်ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး သဘာပတိအဖွဲ့၀င် ဒီကင်စောသာစိန်၊ တိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီးဌာန ဦးစီးအရာရှိ နော်သံယောဇဉ်မိုး၊ မွန်ပြည်နယ်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးအောင် ကျော်သိန်းတို့က နှုတ်ခွန်းဆက် စကားများ ပြောကြားကြပြီး ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို မြန်မာဘာသာစကားဖြင့် ကရင်တိုင်းရင်းသူ သမီးပျိုတစ်ဦးက ဖတ်ကြား ရှင်းပြကာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ကျင်းပရေးကော်မတီ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို စတင်ခဲ့သည်။
ရိုးရာချည်ဖြူဖွဲ့မင်္ဂလာတွင် ပါဝင်သောပစ္စည်း (၇)မျိုးမှာ ငှက်ပျောသီး၊ ချည်ဖြူ/ချည်နီ၊ ကြံ၊ ရေ၊ ထမင်းဆုပ်၊ ကောက်ညှင်းပေါင်းနှင့် ပန်းတို့ပါဝင်ပြီး ဘိုးဘွား၊ မိဘတို့က လူငယ်၊ မောင်မယ်များ၏ ဝိဉာဉ်အဝေးသို့ မလွင့်ပျံ့စေရန်အတွက် လိပ်ပြာပြန်ခေါ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)