ကျောက်ဖြူမြို့၌ ကျောက်ဖြူမြို့နယ် ရဲမှုထမ်းဟောင်းအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားပြုလုပ်

ကျောက်ဖြူ သြဂုတ် ၁၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျောက်ဖြူမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး တင်မောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး ထွန်းရွှေ(ငြိမ်း)မှ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းအဖွဲ့ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် ရဲမှုထမ်းဟောင်းအဖွဲ့ဝင် ဦးခင်မောင်ဝင်းမှ အသင်းရံပုံငွေရရှိရေးနှင့် အသင်း၏လိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့သည်။ ဆက် လက်၍ ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးနေထွန်းလင်းက မြန်မာနိုင်ငံရဲမှုထမ်းဟောင်း မှတ်တမ်းစာအုပ်အား မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌထံသို့ ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌမှ အသင်းမတည်ရံပုံငွေ (၈)သိန်းကျပ်ကို အဖွဲ့ဝင်များထံသို့ ပေးအပ်ရာ အဖွဲ့ဝင်များမှ လက်ခံရယူခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး နေထွန်းလင်း၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတင်မောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်းနှင့် ၎င်းရဲမှုထမ်းဟောင်းအဖွဲ့တွင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၃၀) ဦးတို့ဖြင့် ပါဝင်ဖွဲ့စည်းခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း