ညောင်တုန်း ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းတို့ပူးပေါင်း၍ တိုင်းဒေသကြီးအဆင့် ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ)အခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန်က ညောင်တုန်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အနောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွာ ကရင်ရိုးရာဒုံးယိမ်းအကဖြင့် ဧည့်ခံကြိုဆိုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က မင်္ဂလာဖားစည်(၉)ချက် တီး၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အနောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်က အဖွင့်အမှာစကား ပြောကြား၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး ကရင်တိုင်းရင်းသားများကိုယ်စား တိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ မန်းသိန်းကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပန်းတနော်မြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး မန်းအောင်ကိုလတ်က ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့ခြင်းအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြား၍ ချည်ဖြူဖွဲ့မင်္ဂလာကျင်းပပြီး အခမ်းအနားကို ကရင့်အမျိုးသားသီချင်းဖြင့် သီဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)