ဘိုကလေးမြို့နယ်တွင် ရဟန်း၊ သံဃာ၊ ရှင်သာမဏေနှင့် သီလရှင်များအား ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေး

ဘိုကလေး ဩဂုတ် ၄

ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် မျိုးရိုးဗီဇကွဲ ဗိုင်းရပ်စ်များအား ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကျက်သရေဆောင် ဆွမ်းလောင်း ဓမ္မာရုံကြီးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ် သံဃာ့နာယကဆရာတော်ကြီးများ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များရှိ ကျောင်းပေါင်း (၅၃)ကျောင်းမှ ရဟန်း၊ သံဃာ၊ ရှင်သာမဏေများနှင့် သီလရှင်များအား ယနေ့ နေ့လယ် (၂)နာရီ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသည်။

ထိုးနှံပေးရာတွင် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံခဲ့သည့် ရဟန်း၊ သံဃာ၊ ရှင်သာမဏေများနှင့် သီလရှင်များအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး တစ်ကြိမ်တစ်ခါမှ ကာကွယ်ဆေး ထိုးနှံခဲ့ခြင်း မရှိသည့် ရဟန်း၊ သံဃာ၊ ရှင်သာမဏေများနှင့် သီလရှင်များကိုလည်း ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း ဘိုကလေးမြို့နယ် အောင်တော်မူဘုရားကြီး အတွင်း ရဟန်း၊ ရှင်၊ လူ၊ မိဘပြည်သူများအား ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ရဟန်း၊ သံဃာ၊ ရှင်သာမဏေများနှင့် သီလရှင်များအား တစ်စုတစ်စီးထဲ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ယနေ့ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်အား မြို့နယ်သံဃာ့နာယကအဖွဲ့မှ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)