ကန့်ဘလူ ဩဂုတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သော နိုင်-၄ ကိုယ်ရေးအချက်အလက်များကို အခြေခံကာ အခြေခံမဲဆန္ဒရှင် စာရင်းများ ပြုစုရာတွင်လည်းကောင်း၊ နိုင်ငံသားများ၏ ကိုယ်ရေးအကြောင်းအရာများကို သိရှိလိုလျှင်သော်လည်းကောင်း တိကျမှန်ကန်သော အထောက်အထားကို အမြန်ဆုံးသိရှိနိုင်ရေးတို့အတွက် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program စနစ်ဖြင့် Database ထည့်သွင်းရိုက်ကူးခြင်းများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဌာနတို့၌ ယနေ့ (ဩဂုတ်၂ရက်)တွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုံစံ(၆၆/၆) အချက်အလက်များကို နည်းပညာအသုံးပြု၍ Software Program ဖြင့် Database သို့တိုက်ရိုက်ရေးသွင်းခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများနှင့်အခြားဌာနဆိုင်ရာဝန်ထမ်းများက သတ်မှတ်ကာလအတွင်း အောင်မြင်စွာရေးသွင်းနိုင်ရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်လဝကဦးစီးမှူး ဦးအောင်မြင့်မော်တို့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) (၇၅၁၂၈)အား Database သို့ ထည့်သွင်းခြင်းကို ဇူလိုင် ၁၈ ရက်ကစတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) (၁၈၅၀၀)ကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်လဝကဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)