မိုးစပါးစိုက်ခင်းများ ရေလုံလောက်စွာ ရရှိရေး ဆောင်ရွက်

တောင်ကုတ် ဩဂုတ် ၂

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင် ပြီး မိုးစပါး စိုက်ခင်းများအတွင်း ရေလုံလောက်စွာ မရရှိသည့်အတွက် မြေကြီးများ ပက်ကြားအက်များ ဖြစ်ပေါ်လျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးဌာနမှ ယမန်နေ့ ညနေပိုင်းမှစ၍ ကင်းတောင်စံပြကျေးရွာရှိ မျိုးစေ့ထုတ် စံပြစိုက်ကွင်းများအတွင်း စက်များဖြင့် ရေသွင်းပေးလျက်ရှိကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးစပါး (၆၈၄၀၂)ဧက စိုက်ပျိုးရန် လျာထားသော်လည်း မိုး ခေါင်မှုကြောင့် (၄၀၂၅၀)ဧကသာ စိုက်ပျိုးပြီးဖြစ်သည့်အတွက် ရာခိုင်နှုန်းအားဖြင့် (၅၈.၈၄) ရာခိုင်နှုန်းသာရှိပြီး စိုက်ပျိုးပြီး ကွင်းများတွင်လည်း မိုးခေါင်မှုကြောင့် မြေကြီးများ ပက်ကြားအက်များ ဖြစ်ပေါ်နေ၍ စိုက်ခင်းများ မပျက်စီးရေး စိုက်ခင်းအတွင်း ရေသွင်းရန် လိုအပ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများသို့ နှိုးဆော်လျက်ရှိကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် မျိုးသန့်စပါးမျိုး ထုတ်လုပ်နိုင်ရန်အတွက် တောင်သူပညာပေး စိုက်ခင်းများကို ကျေးရွာအုပ်စုများတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်တွင် ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးခေါင်သည့်အတွက် စံပြစိုက်ခင်းများ မပျက်စီးရေး စိုက်ခင်းအတွင်းသို့ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းနှင့် ဝန်ထမ်းများ၊‌ မျိုးစေ့ထုတ် တောင်သူများက စက်ဖြင့် ရေသွင်းလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်သည့်အတွက်‌ လက်ရှိအချိန်အထိ မိုးရွာသွန်းရက် (၇၃) ရက်ရှိရာ မိုးရေချိန် (၇၁.၁၉) လက်မသာ ရှိသည့်အတွက် မိုးစပါးစိုက် တောင်သူများအတွက် အခက်ကြုံလျက်ရှိပြီး မိုးစပါးများ အောင်မြင်ဖြစ်ထွန်းရန်အတွက် လုံလောက်သော မိုးရေချိန်ရရှိရန် လိုအပ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းထံမှ သိရသည်။

မြို့နယ် ပြန်/ဆက်