ငပု‌တောမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်

ငပုတော   စက်တင်ဘာ   ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း၌ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုများ မဖြစ်ပေါ်စေရန်နှင့် ပြည်သူများအနေဖြင့် သတိပြုလိုက်နာနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် သတင်းပြန်ကြားရေးကော်မတီမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များကို နေ့စဉ်လှည့်လည် ကြေညာပေးလျက်ရှိသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား‌သည့် တတ်နိုင်သမျှ မိမိအိမ်တွင်သာနေထိုင်ခြင်း၊ လူစုလူ ဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ(လုံးဝ)မသွားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းနှင့် ဖြစ်နိုင်ပါက အနည်းဆုံး(၆)ပေ အကွာမှသာ နေထိုင်ပြောဆို ဆက်ဆံခြင်း၊ အပြင်ထွက်ခွာသည့်အခါတိုင်းနှင့် လူစုလူဝေးရှိရာနေများသို့ သွားလာသည့်အခါတိုင်း နှာခေါင်းစည်း(mask)များ စနစ်တကျ တပ်ဆင်သွားလာခြင်း၊ လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးများ ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာနှင့်ရေ အသုံးပြု၍ စက္ကန့် ၂၀ ကြာအောင်ဆေးကြောခြင်း၊ နိုင်ငံခြားမှ ပြန်ရောက်လာ သူများအား အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်စေခြင်း (Quarantine) လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ခြင်းနှင့် တရားမဝင်ပြန်လည် ဝင်ရောက်လာသူများရှိက မဖြစ်မနေ သတင်းပို့ခြင်း၊ ရောဂါပိုးရှိသူအတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့မှုရှိသူများ၊ သံသယရောဂါ လက္ခဏာများ ဖြစ်သည့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ဆုံးခြင်း၊ အသက်ရှူရ ခက်ခဲခြင်း စသည်တို့ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာန (သို့မဟုတ်) အုပ်ချုပ်ရေး မှူးရုံးသို့ အမြန်ဆုံးသတင်းပို့ခြင်း၊ ရောဂါပိုးရှိသူအတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့မှုရှိသူများကို ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်း စဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ပေးခြင်း အစရှိသည့်တို့ကို လိုက်လံအသိ‌ ပေးနှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)