သထုံတွင် အနှိုင်းမဲ့မေတ္တာ သွေးနှင့် အောက်ဆီဂျင် အခမဲ့ ကူညီရေးအသင်းပိုင် စက်ရုံမှ နေ့စဉ် အောက်ဆီဂျင် အခမဲ့ လှူဒါန်း ဖြန့်ဖြူးပေး

သထုံ ဇူလိုင် ၂၅

မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ အနှိုင်းမဲ့မေတ္တာ သွေးနှင့် အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းမှ အများပြည်သူ ထည့်ဝင်လှူဒါန်းမှုဖြင့် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံမှ နေ့စဉ် အောက်ဆီဂျင်အိုးများကို ပြည်သူ့ဆေးရုံများ၊ လူမှုကူညီရေး ပရဟိတအသင်းများနှင့် လိုအပ်သည့်ပြည်သူများထံ အခမဲ့ လှူဒါန်းဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းတွင် တစ်ရက်လျှင် ၄၀ လီတာ အိုးပေါင်း ၃၂၀ ခန့်ထွက်သည့် အောက်ဆီဂျင်စက်ရုံအား အများပြည်သူ လှူဒါန်းမှုဖြင့် တည်ဆောက်ထားပြီး စက်ရုံမှထွက်ရှိသည့် အောက်ဆီဂျင်များကို သထုံခရိုင်အတွင်းရှိ လူမှုကူညီရေးအသင်းများ ပြည်သူ့ဆေးရုံများ၊ အနီးဝန်းကျင်ဒေသများရှိ ပြည်သူ့ဆေးရုံများ၊ ရပ်ရွာအတွင်းရှိ ပရဟိတအဖွဲ့များနှင့် အောက်ဆီဂျင်လိုအပ်သူများတို့ထံ အခမဲ့ဖြန့်ဖြူးပေးလျက်ရှိရာ တစ်ရက်လျှင် ပျမ်းမျှ ၁၀ လီတာဆံ့အိုး ၂၀ ခန့်၊ ၁၅ လီတာဆံ့အိုး ၁၀ ခန့်နှင့် ၄၀ လီတာဆံ့အိုး ၃၀ ခန့်တို့အား နေ့စဉ် ဖြန့်ဖြူးပေးနေရကြောင်း အသင်းတာဝန်ရှိသူထံမှ သိရသည်။

အနှိုင်းမဲ့မေတ္တာ သွေးနှင့် အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းအနေဖြင့် အောက်ဆီဂျင် ဖြန့်ဖြူးပေးရာတွင် ပထမဦးစားပေးအနေဖြင့် သထုံခရိုင်အတွင်းရှိ ပြည်သူ့ဆေးရုံ ၆ ရုံ၊ ဒုတိယအနေဖြင့် သထုံမြို့နယ်အတွင်းရှိ လူမှုကူညီရေးပရဟိတအသင်း ၃၀ ကျော်နှင့် သထုံခရိုင်အတွင်းရှိ လူမှုကူညီရေးအသင်းများတို့ထံ ဖြန့်ဝေပေးနေပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း အောက်ဆီဂျင်စက်ရုံ တည်ဆောက်ခြင်းမရှိသော မြို့နယ်များ၊ တည်ဆောက်နေသော်လည်း ပြီးစီးမှုမရှိသေးသော မြို့နယ်များအတွက် အောက်ဆီဂျင် လိုအပ်မှုများကို အသင်းသို့ လာရောက်ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။

နဒီ(ပြန်/ဆက်)