ဟိုင်းကြီးကျွန်း ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သော ပိုးလောက်လမ်းသေဆေး (Abate) ဆေးခတ်ခြင်းနှင့်ဖုံး၊ သွန်၊ လဲ၊ စစ် လိုက်လံဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများမှ ယမန်နေ့ နေ့လယ် (၁၂)နာရီ အချိန်တွင် ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်အတွင်း၌ အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပိုးလောက်လမ်းသေဆေး (Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လိုက်လံ ဆောင်ရွက်ခြင်းကို ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အထောက်အကူပြုအဖွဲ့များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့များမှ အမှတ်(၃)ရပ်ကွက်အတွင်း နေအိမ်များရှိ အုတ်ကန်၊ ရေစည်၊ ရေထည့်သည့်ခွက်၊ ရေအိုးများအတွင်းသို့ ခြင်မဝင်နိုင်အောင် လုံခြုံစွာ ဖုံးအုပ်ထားခြင်း ရှိ/မရှိ၊ တိုက်ချွတ်ဆေးကြောခြင်း ရှိ/မရှိ၊ ဘုရားပန်းအိုး၊ အလှပန်းအိုးများကို တိုက်ချွတ်ဆေးကြောခြင်း၊ ရေလဲခြင်း၊ အုတ်ရေကန်ကြီးများ၊ ရေလှောင်ကန်များအတွင်း ပိုးလောက်လမ်းသေဆေး (Abate)ဆေးခတ်ခြင်းများကို လိုက်လံဆောင်ရွက်ကြပြီး ကျန်ရှိနေသော ရပ်ကွက်ကျေးရွာများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)