မော်လမြိုင် ဇူလိုင် ၂၅
မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက “ဘက်စုံပညာကိုရည် ဒို့လှမ်းချီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအား ဖွင့်လှစ် ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အခက်အခဲများကြားမှ ကြိုးစားပြီး သင်ယူ သင်ကြားခဲ့ကြကာ ယခုလို အောင်မြင်မှုကို ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါ ကြောင်း၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း နိုင်ငံတော် တည်ဆောက်ရာတွင် ထူးချွန်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစားကြရန် လိုကြောင်း၊ မွန်ပြည်နယ်ရှိ ကျောင်းသား/သူများသည် အခြား ပြည်နယ်/တိုင်း ကျောင်းသား/သူများထက် တစ်မူထူးပြီး ကျောင်းစာသာမက စာရိတ္တအပိုင်းတွင် လည်း တော်စေချင်ကြောင်း အနာဂတ်ရဲ့ ခေါင်းဆောင်များ ဖြစ်လာကြမည့် မျိုးဆက်သစ် လူငယ်များရဲ့ ပညာရည်မြင့်မားရေးကို ဆောင်ရွက်ရာမှာ အခြေခံပညာရေးဟာ များစွာ အဓိက ကျပါတယ် ဆရာ၊ ဆရာမများအနေဖြင့် ကလေးများ ကျောင်းနေပျော်၍ စာတော်အောင် မည်သို့ ဆောင်ရွက်ရမည်ကို စဉ်းစားရမှာဖြစ်ပါတယ်။ ကျောင်းသား/ သူများအနေဖြင့် မိမိကိုယ်တိုင် တီထွင်ဖန်တီးနိုင်စွမ်းရှိခြင်း အတူတူပူးပေါင်း ဆောင်ရွက်နိုင်ခြင်း ပြေပြစ် စွာ ဖြေရှင်းနိုင်ခြင်း တရားမျှတစွာနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ခြင်း အစရှိသည့် ကိုယ်ရည်ကိုယ်သွေးနှင့် ကျွမ်းကျင်မှုများ ရရှိရန် ဆရာ၊ ဆရာမများမှ လေ့ကျင့် သင်ကြား ပေးသွားကြရန် ဖြစ်ပါကြောင်း “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုသည့် ဆောင်ပုဒ် အတိုင်း ပညာတတ်ပြီး ထူးချွန်သည့် ကျောင်းသား/ သူများ မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သော လူတော်၊ လူကောင်းများ အနာဂတ်အတွက် ပေါ်ထွန်းလာအောင် လေ့ကျင့်သင်ကြားပေးနေသကဲ့သို့ ၀န်ထမ်းများအနေဖြင့်လည်း ထူးချွန်ထက်မြက်လာအောင် ကြိုးစားကြဖို့ တိုက်တွန်းလိုကြောင်း နိုင်ငံတော်အတွက် လိုအပ်နေတဲ့ အရည်အသွေး မြင့်မားသော အသိပညာရှင် အတတ်ပညာရှင် လူရည်ချွန် လူရည်မွန်များ အဆင့်တိုင်း မွေးထုတ်စေနိုင်မည့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်က ထူထောင်ပေးထားပြီး ဖြစ်တာနှင့်အညီ ပညာရေးစနစ် သက်၀င် ရှင်သန် ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ပြည်နယ်အတွင်း အောင်မြင်မှုရရှိအောင် ကြိုးစား ဆောင်ရွက်ခဲ့ကြသော ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများ နှင့် ဝိုင်းဝန်းပံ့ပိုးပေးကြသူများအားလုံးကို ပြည်နယ်ကိုယ်စား မှတ်တမ်းတင် အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ပညာရေးမှူး ဒေါက်တာ ဒေါ်ချိုချိုမြတ်အောင်က ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် မွန်ပြည်နယ်၏ အောင်မြင်မှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ဝိပ္ပံဘာသာတွဲဖြင့် ပထမ ရရှိသော မောင်ဆန်း၀င်းနောင်၊ သိပ္ပံဘာသာတွဲတွင် စတုတ္ထရရှိသော မပန်းပြည့်သခင်နှင့် မွန်ပြည်နယ်မှ ၆ဘာသာ ဂုဏ်ထူးရှင် ၁၈ ဦးတို့အား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး (၅)ဘာသာ ဂုဏ်ထူးရှင် (၆၆) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၁၀၂) ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၂၃၅) ဦး သိပ္ပံ၊ ဝိဇ္ဇာ၊ ဝိပ္ပံ ဘာသာတွဲဖြင့် အမှတ်အများဆုံးရရှိသူ (၃) ဦးစီတို့အား ဂုဏ်ပြုဆု တံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ တာ၀န်ရှိသူအသီးသီးတို့က ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် အကောင်းဆုံး ကျောင်းဆုများ၊ ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများ တက္ကသိုလ်၀င် စာမေးပွဲတွင် ဝိုင်း၀န်း ကူညီပေးသော မော်လမြိုင်တက္ကသိုလ်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၆) အခြေခံပညာ အထက်တန်း ကျောင်းသား၊ ကျောင်းသူများက “ရွှင်လန်းကြပါစေ”နှင့် “ပညာရည်ထူးချွန်လူရည်မွန်” တေးသီးချင်းဖြင့် သီဆို ဖျော်ဖြေခဲ့ကြသည်။
မွန်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းပေါင်း (၂၀၈) ကျောင်းက ဝင်ရောက်ဖြေဆိုသူ (၁၁၂၁၂)ဦးအနက် အောင်မြင်သူ (၆၄၁၄)ဦး ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၅၇.၂၁) ရာခိုင်နှုန်း ရရှိသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့်(၁) ရရှိခဲ့ကာ (၆)ဘာသာဂုဏ်ထူးရှင် (၁၈)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၆၆)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၁၀၂)ဦး၊ (၃)ဘာသာဂုဏ်ထူး ရှင် (၂၃၅)ဦးနှင့် ၂ ဘာသာ ဂုဏ်ထူးရှင် (၃၄၉)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၂၀၁၄)ဦး၊ စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ (၂၇၈၄)ဦးရှိကြောင်း ပြည်နယ်ပညာရေးဌာနမှ သိရှိရသည်။
ခင်စန်းမြင့် (ခရိုင်၊ ပြန်/ဆက်)