သဲကုန်းမြို့နယ်၊ ဘန့်ဘွေးကုန်းအလယ်တန်းကျောင်းသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်

သဲကုန်း ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က  ဘန့်ဘွေးကုန်းအလယ်တန်းကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ဇင်မာထွေးက အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေးက ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူကြရမည့်သူများအနေဖြင့် ဗလငါးတန်ပြည့်စုံစေရန် လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြရန်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေး၊ မျိုးချစ်စိတ်ရှင်သန်ရေးရှိကြစေရန်ဟောပြောကာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးခင်မောင်ထွန်းက စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအား ကလေးစာဖတ်ခန်းဝန်ဆောင်မှုအဖြစ် ဒုတိယဦးစီးမှူးဒေါ်ပြည့်ဖြိုးသူက ရုပ်ပုံစာအုပ်ဖြင့်ပုံပြင်ပြောခြင်းအား ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ ကျောင်သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်၊ မသန်စွမ်းသူများအခွင့်အရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)