ငဖဲမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ပါ အချက်အလက်များ အချိန်မီ ရေးသွင်းပြီးစီးရေးအတွက် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုအားပေး

ငဖဲ ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ  ကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရန်နှင့် မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်း(၆၆/၆)ပါ အချက်အလက်များအား ဆော့ဖ်ဝဲလ်နည်းပညာအသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်းများ အချိန်မီရေးသွင်းပြီးစီးရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ စာရင်းရေးသွင်း ဆောင်ရွက်နေမှုများအား ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးနှင့် တာဝန်ရှိသူများအဖွဲ့က ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဦးစီးမှူးဦးပွားမောင် က အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ပါ အချက်အလက်များနှင့်ပြောင်းဝင်၊ ပြောင်းထွက်၊ သေဆုံးစာရင်းများ ယနေ့ထိ စာရင်းရေးသွင်းပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စိုးက စာရင်းများ မှတ်တမ်း ဖြည့်စွက်ရေးသွင်းခြင်းနှင့် မြေပြင်လူဦးရေစာရင်းများ ရေးသွင်းမှုတွင် အမှားအယွင်း မဖြစ်ပေါ်စေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆော့ဖ်ဝဲလ်နည်းပညာအသုံးပြုပြီး အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆)များ တိုက်ဆိုင် စိစစ် ၍ စာရင်းရေးသွင်းခြင်းလုပ်ငန်းကို ဇူလိုင်လ(၁၈)ရက်နေ့မှစ၍ ရက်ပေါင်း(၃၅)ရက်အတွင်း အပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရကာ တစ်မြို့နယ်လုံးအနေဖြင့် စာရင်းဖြည့်သွင်းရမည့် အိမ်ထောင်စုပေါင်း (၁၀၈၉၁) စု ရှိ ယနေ့ထိ အိမ်ထောင်စုပေါင်း (၉၈၇)စု လူဦးရေ (၄၉၁၆)ဦးဖြည့်သွင်း ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး နေ့စဉ်ဖြည့်သွင်း ဆောင်ရွက်သွားနိုင်ရေး ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဦးစီးမှူးဦးပွားမောင်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု (ငဖဲ)