
လားရှိုး အောက်တိုဘာ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်(၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်၍ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဒေသအတွင်းထွက်ရှိသည့် ကုန်ကြမ်းများအပေါ် အခြေခံ၍ ဆောင်ရွက်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း One Region One Product အစီအစဉ်များကို တွန်းအားပေး ဆောင်ရွက်လျက်ရှိပါသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လားရှိုးမြို့၊ လွယ်လွမ့်ကျေးရွာရှိ ရှမ်းရိုးရာ တိုးနယား၊ ကိန္နရီ ၊ ကိန္နရာနှင့် တူရိယာလုပ်ငန်းရှင် ဦးစိုင်းမောဝ်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ရပါသည်။
မေး။ ရှမ်းရိုးရာ တိုးနယား ၊ ကိန္နရီ ၊ ကိန္နရာနှင့် တူရိယာလုပ်ငန်းကို ဘယ်အချိန်က စတင် ဆောင်ရွက်ခဲ့ပါသလဲ။
ဖြေ။ ၂၀၀၀ ပြည့်နှစ်လောက်မှာကျွန်တော်တို့ မိဘများလက်ထက်က စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ နောက်ပိုင်းမှာ ကျွန်တော်တို့ အမွေဆက်ခံ ဆက်လက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
မေး။ လုပ်ငန်းများဆောင်ရွက်နိုင်ဖို့အတွက် အသုံးပြုတဲ့ ကုန်ကြမ်းများကို သိပါရစေ။
ဖြေ။ ရှမ်းရိုးရာ တိုးနယား ၊ ကိန္နရီ ၊ ကိန္နရာနှင့် အိုးစည် ၊ ဗုံမောင်းများ ဆောင်ရွက်ဖို့အတွက် ပိုးမထိုးတဲ့ ယမနေသား၊ အဆစ်ပိတ်ဝါးမျိုးဖြစ်တဲ့ ဝါးနက် ၊ နွားသားရေ ၊ လျှော်ကြိုးများ၊ ကြေးနန်းကြိုးများ၊ သင်္ဘောဆေးများနဲ့ ကတ္တီပါစများ၊ သိုးမွေးစများ၊ အလှဆင် ဘော်ကြယ်များ၊ ဇာကပ်ပန်းများ လိုအပ်ပါတယ်။
မေး။ ရှမ်းရိုးရာ တိုးနယားလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်ကို သိပါရစေ။
ဖြေ။ တိုးနယားဆောင်ရွက်ဖို့အတွက် ပထမဦးဆုံး ဝါးနက်အရင့်ကို ပိုးထိုးမှုမရှိစေရန် မီးမြိုက်ရပါတယ်။ မီးမြိုက်ပြီးတဲ့အခါမှာ တိုးနယားရဲ့ ခန္ဓာကိုယ်ရရှိအောင် ဘောင်ခွေရပါတယ်။ တစ်ချိန်တည်းမှာပဲ တိုးနယားဦးခေါင်းအတွက် ယမနေသားကို တိုးနယားဦးခေါင်းပုံဖော်ပြီး တစ်နှစ်ခန့် အခြောက်ခံထားတဲ့ ဦးခေါင်းအကြမ်းထည်ကိုမှ ကော်ပတ်စားပြီး အဆင့်ဆင့် ဆေးမှုတ် ဆောင်ရွက်ရပါတယ်။ အမျိုးသမီး လုပ်သားများအနေနဲ့ကတော့ တိုးနယားရဲ့ ခန္ဓာကိုယ်အတွက် ကတ္တီပါစ (သို့မဟုတ်) သိုးမွေးစများကို အလှဆင်ချုပ်လုပ်ရပါတယ်။ တိုးနယားတစ်ကောင်ရရှိဖို့အတွက် လုပ်သား ၅ ဦးခန့်လိုအပ်ပြီး ၄ ရက် ၅ ရက်ခန့် အချိန်ယူ ဆောင်ရွက်ရပါတယ်။
မေး။ ရှမ်းရိုးရာ ကိန္နရီ ၊ ကိန္နရာလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်ကိုလည်း သိပါရစေ။
ဖြေ။ ကိန္နရီ၊ ကိန္နရာဆောင်ရွက်ဖို့အတွက်ဆိုရင်လည်း ဝါးဆစ်ပိတ်ဝါးမျိုးဖြစ်တဲ့ ဝါးနက်ကိုပဲ ပိုးမထိုးစေရန် မီးမြိုက်ဆောင်ရွက်ရပါတယ်။ အရင်ဆုံး ကိန္နရီ ၊ ကိန္နရာရဲ့ ကိုယ်ထည်ရရှိအောင် ဖဲစ(သို့မဟုတ်)ဇာစများကို ဘော်ကြယ်များထိုးပြီး အလှဆင်ချုပ်လုပ်ရပါတယ်။ အရောင်အနေနဲ့ကတော့ ဝယ်ယူသူများအကြိုက် ချုပ်လုပ်ပေးပါတယ်၊ အများအားဖြင့် ရွှေဝါရောင်နဲ့ အစိမ်းရောင်များ မှာယူမှုများပြားပါတယ်။ တောင်ပံအနေနဲ့ကတော့ ကတဲ့ အခါမှာ အနေတော်ဖြစ်အောင် တောင်ပံလေးထပ် ချုပ်လုပ်ပေးပါတယ်။ ချုပ်လုပ်ထားတဲ့ တောင်ပံများထဲကို ဝါးချောင်းလေးများ ထည့်သွင်းပြီးတဲ့အခါ ထိပ်မှာသိုးမွေးလုံးများနဲ့ ထပ်မံ အလှဆင်ရပါတယ်။ ကိန္နရီ ၊ ကိန္နရာကတဲ့အခါမှာ ခိုင်ခန့်မှုရှိစေရန်အတွက် ခါးမှာချည်ဖို့ ကြိုးနဲ့လက်မှာချည်ဖို့ ကြိုးတွေကိုလည်း တပ်ဆင်ရပါတယ်။ တော်တော်လေးကို အနုစိတ် ဆောင်ရွက်ရတဲ့ လက်မှုလုပ်ငန်းဖြစ်ပါတယ်။
မေး။ ရှမ်းရိုးရာအိုးစည်၊ဗုံမောင်းအမျိုးအစားများနဲ့ ဆောင်ရွက်ပုံ အဆင့်ဆင့်ကိုလည်း သိပါရစေ။
ဖြေ။ အိုးစည်သားအတွက်တော့ ယမနေသစ်ကို အသုံးပြုပါတယ်။ အခြောက်ခံထားတဲ့ သစ်လုံးကို လိုအပ်တဲ့အရွယ်အစားအတိုင်း စက်နဲ့ထွင်းပါတယ်။ ပြီးရင် ကော်ပတ်စား၊ သင်္ဘောဆေး သုတ်ပါတယ်။ နွားသားရေကို လိုအပ်တဲ့အတိုင်းအတာရရှိအောင် ဖြတ်တောက်ပြီး အမျှင် မရှိအောင် ကော်ပတ်စားပါတယ်၊ ပြီးရင် ရေစိမ်ပြီး နိုင်လွန်ကြိုးနဲ့ သားရေကို တင်းအောင်ဆွဲပြီး အခြောက်ခံပါတယ်၊ ပြီးတော့ ဗုံမျက်နှာပြင်မှာ တပ်ဆင်ပါတယ်။ အိုးစည်အမျိုးအစားအနေနဲ့ကတော့ အမျိုးသားများတီးခတ်တဲ့ ၇ ပေ ၊ ၆ ပေ အမြင့်ရှိတဲ့ ဗုံရှည်အမျိုးအစားနဲ့ အမျိုးသမီးများတီးခတ်တဲ့ မျက်နှာပြင်တစ်ဖက်တီး ဗုံတိုနဲ့ မျက်နှာပြင်နှစ်ဖက်တီး ဗုံတိုများဖြစ်ပါတယ်။ ဗုံရှည်တစ်လုံးရရှိဖို့အတွက် လုပ်သား ၅ ဦးခန့်လိုအပ်ပြီး၊ ၄ ရက် ၅ ရက်ခန့် အချိန်ယူ ဆောင်ရွက်ရပါတယ်။ မောင်းဆိုင်းအနေနဲ့ကတော့ ၃လုံး၊ ၅လုံး၊ ၆လုံး၊ ၇လုံးဆိုင်း ဆိုပြီးရှိပါတယ်၊ မောင်းဆိုင်းမှာတပ်ဆင်ရန်အတွက် မောင်းကို လိုအပ်တဲ့ အရွယ်အစားအလိုက် မန္တလေးကိုပဲ မှာယူတပ်ဆင်ပါတယ ။ လိုအပ်တဲ့ လင်းကွင်းကိုလည်း မန္တလေးကိုပဲ လှမ်းပြီးမှာယူပါတယ်။
မေး။ ရှမ်းရိုးရာ တိုးနယား ၊ ကိန္နရီ ၊ ကိန္နရာနှင့် တူရိယာပစ္စည်းတွေကို ဘယ်ဒေသတွေက အဓိက ဝယ်ယူကြပါသလဲ ။ ပြည်ပကို ပို့တာတွေ ရှိပါသလား။
ဖြေ။ ပြည်တွင်းအနေနဲ့ ကတော့ ရှမ်းပြည်နယ် တောင်ပိုင်းက မြို့တွေ ၊ ရှမ်းပြည်နယ်မြေက်ပိုင်းက မြို့တွေ ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း မှာဆိုရင် ကျိုင်းတုံ၊ တာချီလိတ် ၊ မိုင်းလား ၊ တာလေ ၊ မြန်မာနိုင်ငံအတွင်းမှာ ရှမ်းတိုင်းရင်းသားများအနေများတဲ့ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်းများမှလည်း မှာယူကြပါတယ်၊၊ ပြည်ပအနေနဲ့ကတော့ တရုတ်နိုင် ငံ ၊ ယူနန်ပြည်နယ်နဲ့ ထိုင်းနိုင်ငံများမှ မှာယူကြပါတယ်။
မေး။ ဒီလုပ်ငန်းကို တစ်နှစ်ပတ်လုံး ဆောင်ရွက်ပါသလား။ ဘယ်အချိန်တွေမှာ ရောင်းအား အကောင်းဆုံးပါလဲ။
ဖြေ။ တစ်နှစ်ပတ်လုံးဆောင်ရွက်တာ ဖြစ်ပါတယ်၊ ရောင်းအားအကောင်းဆုံးအချိန်တွေကတော့ ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပချိန်၊ သီတင်းကျွတ်ပွဲတော်ချိန်၊ ဝါကျွတ်ပွဲတော်ချိန် များပဲ ဖြစ်ပါတယ်။ ရှမ်းရိုးရာ တိုးနယား၊ ကိန္နရီ၊ ကိန္နရာအကတွေကို ကျွန်တော်တို့ ရှမ်းလူ မျိုးတွေက မြင့်မြတ်တဲ့ ဘာသာရေးပွဲတော်တွေမှာပဲ အဓိကထား ကပြလေ့ရှိကြပါတယ်။
မေး။ ဒီလုပ်ငန်းကို လုပ်သားအင်အား ဘယ်နှစ်ဦးနဲ့ လည်ပတ်ဆောင်ရွက်နေပါသလဲ။
ဖြေ။ ကျွန်တော်တို့ မိသားစုဝင်များနဲ့အတူ လုပ်သားအင်အား ၁၅ ဦးခန့်နဲ့ တစ်နှစ်ပတ်လုံး လည်ပတ် ဆောင်ရွက်နေတာ ဖြစ်ပါတယ် ။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနေသည်သာမက တိုင်းရင်းသားရိုးရာ လက်မှုပစ္စည်းများ မတိမ်ကောစေရေးအတွက် ခေတ်နှင့်အညီ လျော်ညီစွာ တီထွင်ဖန်တီး ပြုလုပ်နေသည့် ရှမ်းရိုးရာ တိုးနယား ၊ ကိန္နရီ ၊ ကိန္နရာနှင့် တူရိယာပစ္စည်းလုပ်ငန်းများ အကြောင်းကို ရေးသားတင်ပြလိုက်ရပါသည်။
တွေ့ဆုံမေးမြန်း - နန်းသန္တာဦး၊ ဓါတ်ပုံ - စိုင်းထွန်း(လားရှိုး)
- Log in to post comments