ငွေဇင်ယော်(ထားဝယ်)
သစ်ပင်သည်လူသားတို့၏ အသက်ရှင်ရပ်တည်ရေးအတွက် အဓိကအကျဆုံးအရာဖြစ်သည်။ လူသားတို့အတွက် အစားအစာ၊ နေအိမ်၊ ဆေးဝါးများရရှိရုံသာမက သန့်စင်သော အောက်ဆီဂျင်ဓာတ်ငွေ့ရှိစေခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်းတို့ကို သစ်ပင်များမှရရှိခဲ့ ကြသည်။ အစိမ်းရောင်ရှိအပင်များသည် နေရောင်ခြည်စွမ်းအင်ကို ဓာတုစွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်ခြင်း၊ သက်ရှိများ အသက်ရှင်နေထိုင်ရန် သင့်လျော်သော ပတ်ဝန်းကျင်ကောင်းများဖြစ်အောင် ပြုပြင်ဖန်တီးခြင်း၊ လေထုကိုအဆိပ်အတောက်ဖြစ်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ကိုစုပ်ယူဖယ်ရှားပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
ကမ္ဘာပေါ်တွင် လူ၊ ကျေးငှက်တိရစ္ဆာန်နှင့် သစ်တော သစ်ပင်တို့သည် ခွဲခြား၍မရနိုင်သော လက်တွဲဖော်များဖြစ်ပြီး လူ၊ ကျေးငှက်တိရစ္ဆာန်နှင့် သစ်တောသစ်ပင်တို့သည် ကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်တည်တံ့ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြမည့် သယံဇာတအရင်းအမြစ်များပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဥယျာဉ်၊ ပန်းခြံ၊ သစ်တောများမှာ တစ်ခုနှင့်တစ်ခုဆက်စပ်နေသော ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သော နေရာဒေသများဖြစ်ပြီး ၎င်းတို့၏ စားနပ်ရိက္ခာဖြည့်ဆည်းမှုကိုသာမက ကျန်းမာရေးအတွက် အထောက်အကူပြုလျက်ရှိသကဲ့သို့ စီးပွားရေးအရတွင်လည်း အချက်အချာကျနေသည်ကိုမြင်တွေ့ ကြားသိခဲ့နေရပါသည်။
လူသားတို့၏ နေ့စဉ်လိုအပ်ချက်များကိုဖြည်ဆည်းပေးရခြင်းကြောင့် သစ်ပင်သစ်တောများ၏ ဧရိယာမှာ ယနေ့အချိန်အခါတွင် လျော့နည်းလာခဲ့ရပါသည်။ ဤအချက်မှာ ကမ္ဘာကြီး၏ အပူချိန်မြင့်တက်မှုကြောင့် ပေါ်ပေါက်လာသည့် ဆိုးရွားသောရာသီဥတုဖြစ်စဉ်များတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ကမ္ဘာမြေပေါ်ရှိ သစ်တောသစ်ပင်တို့သည် သိပ္ပံနှင့် စက်မှုပညာ ထွန်းကားတိုးတက်မှုအရ ကုန်ကြမ်းပစ္စည်းများအဖြစ် အသုံးချခြင်းခံကြရပေရာ သစ်ပင်သစ်တောများ အသစ်ထပ်မံစိုက်ပျိုးခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း မပြုပါက လူသားတို့အတွက် မမျှော်မှန်းနိုင်သော ဆိုးကျိုးများ ကျရောက်လာမည်ဖြစ်ပါသည်။
၁၇၆၀ ပြည့်နှစ်တွင် စက်မှုတော်လှန်ရေးစတင်ဖြစ်ပွားခဲ့ပြီးနောက် စက်မှုပစ္စည်းများနှင့် နည်းပညာများ အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်ရာမှ လူသားတို့၏နေထိုင်မှုပုံစံဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမှုအကျိုးဆက်များအရ ထွက်ရှိလာသောမှန်လုံအိမ် အာနိသင်ဓာတ်ငွေ့များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လာမှုများကို သိပ္ပံပညာရှင်များက သတိပြုမိခဲ့ကြကြောင်း လေ့လာဖတ်ရှုခဲ့ရသည်။
သစ်တောသယံဇာတအရင်းအမြစ်နှင့်သစ်ပင်၏ အကျိုးပြုမှုများကို ရေရှည်အသုံးပြုနိုင်ရန်အတွက် ပြုစု၊ ထိန်းသိမ်း၊ စီမံအုပ်ချုပ်ရာတွင် သိပ္ပံပညာ၊ ဝိဇ္ဇာပညာ၊ စီးပွားရေးပညာတွေကို အသုံးပြုပြီး သစ်တောသစ်ပင် သစ်တောမြေများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ယနေ့ခေတ်တွင် သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ ပြည်သူလူထု၏ အခြေခံစားဝတ်နေရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးစသည့် ပြည်သူ့အကျိုးပြုရေးလုပ်ငန်းများကို မျှော်မှန်းပြီး သစ်တောပြုစုခြင်း၊ သစ်တောကာကွယ်ခြင်း လုပ်ငန်းများကို ပြည်သူလူထုမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် လိုအပ်လာပေသည်။
ထို့ကြောင့် ကုလသမဂ္ဂက ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံး သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လှုံ့ဆော်တိုက်တွန်းခဲ့ကြပြီး သစ်တော၊ သစ်ပင်ပြုန်းတီးမှုကိုကာကွယ်ရန် ကမ္ဘာအရပ်ရပ်ရှိနိုင်ငံများအား ဇူလိုင်လကို သစ်ပင်စိုက်ပျိုးရေးလအဖြစ် သတ်မှတ်ပေးကာ ဇူလိုင်လ ၇ ရက်နေ့ကိုလည်း ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးခြင်းကို ကမ္ဘာ့လူသားတိုင်းစိတ်ဝင်စားပြီး ပါဝင်ဆောင်ရွက်လာရန် နှစ်စဉ် ဇွန် (၂၇)ရက်နေ့ကို သစ်ပင်များနေ့ဟု သတ်မှတ်ပေးခဲ့ပါသည်။ ၁၉၇၀ ခုနှစ်မှ၍ မြန်မာနိုင်ငံအဝှမ်း မိုးဖြိုင်ဖြိုင်ကျသော ဇူလိုင်လကို သစ်ပင်စိုက်ပျိုးရေးလအဖြစ်သတ်မှတ်ပြီး လူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပွဲများကျင်းပလာခဲ့ရာ ယနေ့အထိ ဖြစ်ပါသည်။
စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝဝန်းကျင်တိုးတက်ကောင်းမွန်စေရေးကို အထောက်အကူပြုရန် သဘာဝတောများမှ သစ်တောသယံဇာတများကို ဒေသလိုအပ်ချက်အတွက် ထုတ်ယူသုံးစွဲနေရသည့် ဖိအားများကို လျှော့ချနိုင်ပြီး သဘာဝတောများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည်ဆည်းပေးနိုင်ရန်၊ သစ်တောသယံဇာတများ ပြုစုထိန်းသိမ်း ကာကွယ်ရေးနှင့် စနစ်တကျထုတ်ယူ သုံးစွဲရေးဆိုင်ရာ အသိတရားများ တိုးပွားလာပြီး ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ သစ်တော စိုက်ခင်း တည်ထောင်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းကို ဆောင်ရွက်လာခဲ့ကြပါသည်။
ယခုနှစ် ၂၀၂၃ ခုနှစ် မိုးရာသီတွင် လူထုလှုပ်ရှားမှအသွင်ဖြင့်စိုက်ပျိုးလာခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများအစီအစဉ်ဖြင့်စိုက်ပျိုးခြင်း၊ သက်ရှိလောကတည်မြဲဖို့၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့၊ ဇီဝမျိုးစုံ ကြွယ်ဝဖို့သဘာဝတောတွေထိန်းသိမ်းစို့၊ သစ်တော သစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊ ရှင်အောင် စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း စသည့် ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ သစ်ပင်များစိုက်ပျိုးလာခဲ့ကြသည်။
သို့ဖြစ်ပါ၍သစ်ပင်သစ်တောကြီးများ စိမ်းလန်းစိုပြည်သာယာလှပစေရန် ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းလက်တွဲ၍ တစ်စေ့မှတစ်ပင်၊ တစ်ပင်မှတစ်စု၊ တစ်စုမှတစ်တော၊ တစ်တောမှ တစ်ရွာ၊ တစ်ရွာမှ တစ်ကမ္ဘာပြုစု ပျိုးထောင်သွားကြရန်၊ သစ်ပင်များကို အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် သစ်ပင်များစိုက်ပျိုးကြရန်နှင့် စိုက်ပျိုးပြီးသစ်ပင်များအား ရှင်သန်ကြီးထွားအောင်ပြုစုထိန်းသိမ်းကြပါဟု တိုက်တွန်းရေးသားလိုက်ရပါသည်။
- Log in to post comments