တမာပင်အကြောင်း သိကောင်းစရာအဖြာဖြာနှင့် စိုက်ပျိုးရေးတွင်ယနေ့ အသုံးဝင်လာပုံ

တမာပင်အကြောင်း သိကောင်းစရာအဖြာဖြာနှင့် စိုက်ပျိုးရေးတွင်ယနေ့ အသုံးဝင်လာပုံ

ကိုသိန်း (တမာ-မကွေး)

တမာပင်ကို မြန်မာလူမျိုးတိုင်းသိသည်။ အိန္ဒိယနိုင်ငံတွင် တမာပင်အကြောင်းကို ပို၍လူသိများ၏။ အိန္ဒိယတိုင်းသားတို့သည် နံနက်စောစောအိပ်ရာကထလျှင် တမာခက်ကိုချိုး၍ တံပူစားလေ့ရှိသည်။ တံပူစားသည်ဆိုသောစကားမှာ သွားတိုက်သည်ကိုဆို၏။ မြန်မာလူမျိုးအချို့သည် ယနေ့ထက်တိုင် တမာခက်ကိုချိုး၍ သွားတိုက်နေသည်ကိုတွေ့ရှိရသည်။ စာရေးသူတို့နိုင်ငံတွင် ရှေးမြန်မာများ လက်ထက်ကပင်တမာရိုးနှင့် သွားတိုက်ပါက သွားပိုးစားခြင်း၊ သွားကိုက်၊ သွားနာခြင်းများ မဖြစ်ဟု ယုံကြည်လက်ခံကြသည်။ ထို့ကြောင် မြန်မာစကားပုံတစ်ခုတွင် တမာတစ်ခက် သွားတစ်သက် ဟူ၍ဖြစ်၏။

တမာပင်ပေါက်သော နေရာဌာနများ

စာရေးသူတို့နိုင်ငံတွင် တမာပင်ကို မြန်မာပြည်အနှံအပြားတွင် ပေါက်ရောက်သည်ကို တွေ့ရှိရသည်။ သို့သော်လည်း မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသများတွင်သာ နေရာအနှံ့ သဘာဝအတိုင်း ပေါက်ရောက်နေသည်ကိုလည်းကောင်း၊ ကားလမ်းဘေးဝဲယာတို့တွင် စနစ်တကျ စိုက်ပျိုး ထားရှိ သည်ကိုလည်းကောင်း တွေ့ရှိရသည်။ အိန္ဒိယနိုင်ငံတွင် တစ်နိုင်ငံလုံး၌ တမာပင်ကို နေရာတိုင်း လိုလို တွေ့ရှိရသည်။ စိုက်ပျိုးခြင်းထက် အလိုလိုပေါက်သည်ကများ၏။ ဟိမဝန္တာတောင်ခြေဒေသများ၊ အိန္ဒိယပြည်တောင်ပိုင်းရှိ ခြောက်သွေ့သောအရပ်ဒေသများနှင့် သီဟိုဠ်ကျွန်းတို့တွင် အများအပြား တွေ့ရှိရသည်။ ပါကစ္စတန်ပြည်တွင် ရွာအနီးနားများတွင်လည်းကောင်း၊ ဗလီကျောင်း များ၊ နေအိမ်နှင့်ဥယျာဉ်များအနီးအနား၊ လမ်းဘေးဝဲယာများတွင် အများအပြား စိုက်ပျိုးကြကြောင်း လေ့လာသိရှိသည်။

တမာအမျိုးအစားများ

စာရေးသူတို့ မြန်မာပြည်တွင် တမာကို အရပ်ဒေသ၊ နေရာဌာနအလိုက် အမျိုးမျိုး ခေါ်ဆိုကြ သည်။ သို့ရာတွင် အကျဉ်းချုပ်အားဖြင့် အောက်ပါအတိုင်းဖြစ်၏။

ကုလားတမာ။ စာရေးသူတို့ အများဆုံးတွေ့နေရသော တမာမျိုးဖြစ်သည်။ မြန်မာတမာထက် အရွက်သေးသည်။ အပွင့်အရင်ထွက်ပြီးမှ အရွက်များနောက်မှ    ထွက်လေ့ရှိသည်။ အသီးနှင့်အစေ့ အရွယ်အစားသေးသည်။ ယင်းတမာစေ့ကိုကြိတ်ပြီး တမာ ပိုးသတ်ဆေး၊  တမာစေ့ကြိတ်မှုန့် မြေဩဇာများအဖြစ် အသုံးပြုနိုင်သည်။

မြန်မာတမာ။ ကုလားတမာထက်အရွက်ကြီးသည် ယင်းတမာရွက်နုကို ဇီးသီး၊ မန်ကျည်းသီး မှည်တို့ဖြင့် ရေစီပြီးစားနိုင်သည်။ စားတမာအမျိုးအစားဖြစ်သည်။ အရွက်များထွက်ပြီးမှ အပွင့် အသီးထွက်လာသည်။ ယင်းတမာစေ့ကိုကြိတ်ပြီး တမာပိုးသတ်ဆေး၊ တမာစေကြိတ်မှုန် မြေဩဇာ များအဖြစ် အသုံးပြုနိုင်သည်။

တောင်တမာ၊ ရေတမာ။ ဤတမာကိုတမာနှင့် အရွက်အနည်းငယ်မျှ တူသည်ကိုခွဲ၍ တောင်တမာ၊ရေတမာဟုခေါ်ကြသည်။အလှနှင် အရိပ်ရရန် အတွက်စိုက်ကြသည်။

ပန်းတမာ။ တမာကြီး ဟူ၍လည်း ခေါ်ကြသည်။ အရွက်သဏ္ဍန်မှာ တမာနှင့်တူ၏။ သို့ရာတွင် အရွက်တို့သည် တမာထက်ကြီး၏။

တမာချို။ အရွက်စသည်တို့သည် တမာရွက်နှင့် အနည်းငယ်တူ၏။ အရသာချို၏။ စင်စစ်မူ ထိုအပင်သည် ပျဉ်းတော်သိမ်ဖြစ်၏။ အချို့အရပ်ဒေသတို့တွင် တမာချိုဟုခေါ်သည်။

သင်္ဘောတမာ။ သင်္ဘောတည်ဟူ၍လည်းကောင်း၊ ကုလားတမာဟူ၍ လည်းကောင်း ခေါ်ကြသည်။ လမ်းတမာဟူ၍လည်းခေါ်ကြသည်။

အပင်ပုံသဏ္ဍန်

တမာပင်သည် အလွန်ကြီးသည်။ တခဲနက်သော အခက်အလက်အရွက်များ ရှိသည်။ အပင်အမြင့် (၅၀)ပေအထိရှိပြီး ပင်စည်လုံးပတ်အနေဖြင့် (၁၀)ပေမှ (၁၅)ပေခန့် အထိရှိသည်။ ညောင်ကြပ်ပင်၊ ညောင်ဗုဒ္ဓဟေပင်ကဲ့သို့ ရွာ၏အနီးအနားတို့တွင် တွေ့ရှိရတတ်သည်။ တမာပင်ကို အကြိမ်ကြိမ် ခုတ်ဖြတ်ခြင်းပြုသော် အသစ်ဖြစ်သော အကိုင်းအခက်များသည် လျှင်မြန်စွာ ထွက်လာကြကုန်သည်။ အမြဲတမ်းစိမ်းလန်းနေသော အပင်မျိုးဖြစ်သည်။

အခေါက်

တမာပင်၏ပုံပန်းသဏ္ဍန်နှင့် အသက်ကိုလိုက်၍ တမာအခေါက်၏ ပုံပန်းသဏ္ဍန်သည်လည်း အမျိုးမျိုးဖြစ်၏။ သက်တမ်း(၃)နှစ်မှ(၄)နှစ်သားကျော်လွန်လာသောတမာပင်၏ အပေါ်ခေါက်သည် လက်မဝက်ခန့်အထိဖြစ်လာ၏။ အကိုင်းအခက်များ၏ အခေါက်သည်ချောမွတ်၏။ အညိုပုတ်ရောင်၊ သပြေရောင်ရှိ၏။ ရှည်သော၊ ကြမ်းတမ်းသောအရေးအကြောင်းများရှိ၏။ တမာခေါက်၏အတွင်း သားအရောင်သည် လတ်ဆတ်သောအခြေအနေတွင် အနီရောင်သန်း၍ပြာ၏။ သို့မဟုတ် အဝါရောင် သန်း၍ ဖြူ၏။ အရသာမှာ အလွန်ခါး၏။ အလွန်ချုပ်သောသတ္တိရှိ၏။

အစေး

တမာခေါက်မှ ငါးကြီးအန်ဖတ်အရောင်ရှိ၍ တောက်ပသောအစေးထွက်သည်။ ထိုအစေးသည် တမာအခေါက်ကဲ့သို ခါးခြင်းမရှိဘဲ စင်းငယ်ချို၏။ ထိုအစေးကို ရေအေးတွင်ထည်ပါက လွယ်ကူစွာ ပျော်သွားသည်။ စေးကပ်သောသတ္တိရှိ၏။ တမာခေါက်ကို အနည်းငယ် ဒဏ်ရာဖြစ်အောင် ပြုလုပ်ပါက အစေးများထွက်လာ၏။ ထိုအစေးကို စုဆောင်း၍ယူထားကြ၏။

အရွက်

တမာရွက်သည် တစ်လက်မမှ သုံးလက်မခန့်ထိရှည်၏။ လက်မဝက်မှ တစ်လက်မခန့် အထိကျယ်၏။ အရွက်ထိပ်ဖြားချွန်၏။ အရွက်အနားမှာ ခွေးသွားစိတ်ကလေးများကဲ့သို့ရှိ၏။ အရွက် ဟောင်းများ မကြွေမီကပင် အရွက်သစ်များထွက်လာကုန်၏။ အရွက်ဟောင်းတို့ သည်တပေါင်း ၊ တန်ခူးလတို့တွင်ကြွေကျကုန်၏။ မိုးမကျမီပင် အရွက်သစ်များထွက်လာကုန်၏။

အပွင့်

အပွင့်သည် သေးငယ်၏။ အခိုင်လိုက်ပွင့်၏။ ပျားရည်ကဲ့ သို ထက်မြက်သောအနံရှိ၏။ အခက်အလက်များ၏ ထိပ်ဖြား၌ပွင့်၏။ အပွင့်များမှ ချိုမွှေးသောအနံရှိ၏။ ညအခါတွင် တမာပန်းပွင် ရနံ့သည်ပို၍မွှေး၏။ တမာပွင့်တို့သည် မတ်လမှ မေလအထိ အဆုပ်လိုက် ပွင့်ကြ၏။

အသီး

အပွင့် များ၏အတွင်းမှ အသီးများထွက်ကုန်၏။ အစပိုင်းတွင် တမာသီးကလေးများမှာ သေးသေးကလေးများ ဖြစ်ကုန်၏။ အနည်းငယ်ကြီးထာသောအခါ အစိမ်းရောင်ရှိ၍လုံး၏။ မှည်သောအခါ ဝါရောင်သန်း၍ ညိုပုတ်ပုတ်အရောင်ရှိ၏။ တမာသီးမှာ (၀.၅)လက်မမှ (၀.၆) လက်မခန့်အထိ ရှည်၏။ အနည်းငယ်သောအနှစ်ရှိ၏။ တမာသီးမှည်၏အနှစ်သားမှာချို၏။ အသီးမှည့် တို့သည် လေတိုက်လျှင် ကြွေကျပြီး တမာပင်အောက်ခြေ၌စုပုံနေ၏။ အသီးများ၏အတွင်းမှ ပြစ်၍ ချိုသော၊ စေးကပ်သောအရည်သည်ထွက်၏။ ခြောက်သောအခါ အသီးငယ်သည် အနည်းငယ် နီ၍ မဲသွား၏။ အသီး၏ အပေါ်ခွံကိုခွါလိုက်သော် အတွင်းမှအစေ တစ်စေ ထွက်လာ၏။ ထို့နောက် အစေကိုခွဲသော် ပုံမှန်အားဖြင့် အရောင်စိမ်းသောအခြမ်းနှစ်ခုရ၏။ အချို့တမာစေများတွင် တမာစေ့ တစ်စေ့အတွင်း၌ တမာဆံနှစ်ခုတွေ့ရ၏။ ထိုအဆံများကိုဆီကြိတ်သော် ဆီထွက်၏။ ထိုဆီကို တမာဆီဟုခေါ်သည်။

အသား(တမာသား)

တမာသားသည်မာ၏။ အချို့ အရပ်ဒေသများတွင် အိမ်ဆောက်လျှင် တမာတိုင်တစ်တိုင်ခံ၍ လည်းကောင်း၊ ထုတ်၊ လျောက်၊ ဒိုင်း၊ မြှား၊ အကာ၊ အခင်းတို့၌ တမာသား တစ်ချောင်းတစ်လေ ဖြစ်စေထည့်၍လည်းကောင်း ဆောက်လုပ်လေ့ရှိကြသည်။ တမာသားနှင့် ဆောက်သောအိမ်မှာ နှစ်ကြာကြာခံခြင်း၊ မီးဘေးမှကင်းဝေးခြင်း စသောအကျိုးအာနိသင်ရှိသည်ဟု အယူရှိကြသည်။ အချိုးကား တမာသည်မကောင်းဆိုးဝါးတို့ကိုပင် နိုင်နင်းသည်ဟုယုံကြည်ကြသည်။ တမာဟူသော အမည်ကြောင့် လူတို့အား ကျန်းကျန်းမာမာ ရှိစေသော အပင်မျိုးဟု စွဲမှတ်ယူဆ သူများလည်း ရှိကြပေသည်။

ဘာသာအမျိုးမျိုးဖြင့် ခေါ်ဝေါ်ပုံ

          လက်တင်                -         Azadirachta Indica

          အင်္ဂလိပ်                  -         Margosa, Niva, Tragacanth Tree, Neem Tree

          ပြင်သစ်                   -         Agem Lilac

          အင်ဒိုချိုင်းနား           -         ဆဒါအို

          ကမ္ဗောဒီးယား          -         ဆဒါအိုး        

          ကိုချင်ချိုင်းနား          -         ကျာဒိုး

          ဂျာမဏီ                  -         Gross Blacttiger Tedrach

ဂျာဗား                    -         အိမ္မာ

          ဂူဂျာရတီ                 -         ဓနုဂျာ(ရ်)

          တာမီလ်                  -         အဂုလိဏ္ဍ

တေလဂူ                 -         နိမ္ဗမု   

          ပန်ချာပီ                   -         နီ(မ်) Neem

          ပေါ်တူဂီ                  -         အမရကာဆီရာ

          ဗာလီကျွန်း              -         ဣန္တရာ(န်)

          ဗံဂါလီ                    -         နိ(မ်)  

          သီဟိုဠ်                    -         ကိုဟုမ္မာ

          ဟိန္ဒူ            -         နိ(မ်) Nim

သုတေသီတို့၏ စူးစမ်းရှာဖွေချက်

ရှေးဟောင်းပစ္စည်းရှာဖွေရေးအဖွဲ့သည် မြေ၏အတွင်းမှ နှစ်ပေါင်းထောင်ပေါင်း များစွာက ရေးသား ထားသော တမာပင်အကြောင်းကို တွေ့ရှိရဟု Arnest Mark မည်သောစာအုပ်တွင်တွေ့ရသည်။ Species Plants အမည်ရှိသော စာအုပ်ကိုရေးသားသူ တိနီယ(ဆဲ) အမည်ရှိသော ပုဂ္ဂိုလ်ကြီးကမူ တမာသည် အိန္ဒိယပြည်တွင် စတင်ပေါက်ဖွားသော အပင်မျိုးဖြစ်၏ဟု ဆိုလေသည်။ ဒီကင်ဒိုလ်ဆို သူကမူ တမာပင်သည်သီဟိုဠ်ကျွန်းနှင့် ဂျာဗားကျွန်းတွင် ပေါက်တတ်သော အပင်မျိုးဟု ဆိုလေသည်။ British Pharmaceutical Conducts စာအုပ်ကမူ အိန္ဒိယ၊ မလေး၊ သီဟိုဠ်ကျွန်း၌ ဖြစ်တတ်သော အပင်မျိုးဟူ၍ဆို၏။ ထို့ကြောင် တမာပင်၏ စတင်ဖြစ်ပွားရာ ဌာနကိုပြဆိုရာ၌ ပညာရှင်များသည် တစ်ဦးနှင့်တစ်ဦးအယူအဆခြင်းမတူညီကြချေ။ Bonbay Flora စာအုပ်ကို ရေးသားသူ ထီယိုဒို(ရ်)အမည်ရှိသူ အလိုအားဖြင့်တမာပင်သည် အိန္ဒိယပြည်တွင် အလိုအလျောက် ပေါက်သောအပင်မျိုးဟုဆို၏။ သို့ရာတွင် တမာပင်မှာ အိန္ဒိယပြည်မှ စတင်ဖြစ်ထွန်းသည် ဟူသောစကားကို ခေတ်သစ်သုတေသီ ပုဂ္ဂိုလ်တို့ကမူ ယုံမှားသံသယ ရှိကြလေသည်။

အမေရိကန် စွယ်စုံကျမ်းအဆို

တမာပင်နှင့် ပတ်သက်၍ အင်္ဂလိပ်ဘာသာစကားနှင့်ရေးသားထားသော စာအုပ်စာတမ်း အနည်း ငယ်သာ လေ့လာတွေ့ရှိရသည်။ အမေရိကန်စွယ်စုံကျမ်းတွင်မူကား တမာစေး Tragacanth အကြောင်း အနည်းအကျဉ်းဖော်ပြထားသည်။ Tragacanth  ခေါ် တမာစေးမှာ Gum Tragacanth ဟူ၍ လည်းကောင်း၊     Gum Tragic  ဟူ၍လည်းကောင်း ခေါ်ဆိုကြောင်း၊ Astragalus အပင်မျိုး၌ ပါဝင်သော အစေးထွက်သော အပင်တစ်မျိုးမှရကြောင်း၊ အာရှတိုက် အနောက်ပိုင်း ဒေသတွင် ပေါက်ရောက်လေ့ ရှိကြောင်း၊ တမာစေးကိုဈေးသို့ ရောင်းချရန်ယူလာသောအခါ အချပ်အပြား လုပ်၍လည်းကောင်း၊ ဖဲကြိုးပြားကဲ့သို့ ရှည်ပြားပြားလိပ်ခွေ၍လည်းကောင်း ယူလာလေ့ရှိကြသည်။ အရောင်မှာ အဝါရင် ရောင်နှင့်ဝါဖျော့ဖျော့ အရောင်ရှိတတ်သည်။ ရေနှင့် စိမ်ထားလျှင် အရည်ပျော်၍ ခပ်ပြစ်ပြစ်ခပ်တွဲတွဲရှိလျှင် ကော်ကပ်၍ ကောင်းသည်။ တမာစေးကို ဆေးဝါးဖော်စပ်ရာတွင်လည်း အသုံးပြုကြသည်။အထည်အလိပ်လုပ်ငန်းများ၌ အဝတ်အထည်များကို ကော်တင် သောအခါတွင်လည်း ထည့်သွင်းအသုံးပြုကြသေးသည်ဟု ဖေါ်ပြထားသည်။

မြန်မာစွယ်စုံကျမ်းအဆို

ရုက္ခဗေဒအလိုအားဖြင့် တမာပင်သည် Meliaceae မျိုးရင်းတွင်ပါဝင်၍ ယင်းကို Azadirachta indica ဟုခေါ်သည်။ တမာပင်သည် အမြဲတန်းစိမ်းနေသောအပင်မျိုးဖြစ်၏။ အမြင်မှာ ပေ(၅၀)ခန့် အထိ ရှိပြီး အရွက်များနှင့် အုပ်အုပ်ဆိုင်းဆိုင်းရှိသည်။ ရွက်တံတစ်ခုတွင် အစိမ်းရင် ရောင်ရှိသော အရွက်ကလေးများ (၁ဝ)တွဲခန့် ပါရှိသည်။ ငှက်မွှေးပုံသဏ္ဍန်ရှိ၍ ခွေးသွားစိပ်ကဲ့သို့ အနားများ ရှိသည်။ တမာပွင့်သည် ငယ်၍ ချိုမွှေးသောအနံရှိသည်။ တမာကိုင်းအဖျားတို့တွင် အခိုင်လိုက် ပွင့် သီးကြသည်။ တမာသီးသည် ဇီးသီးကဲ့သို့ အခွံအတွင်း၌ အစေ့တစ်စေတည်းရှိသော အသီးမျိုး ဖြစ်သည်။ သို့သော်တမာကြီး(စားတမာ) သီးအချို့မှာ အစေ နှစ်စေ ပါသောအသီးများတွေ့ ရတတ် သည်။ တမာသီးအရွယ်မှာပဲစေ့ အကြီးစားခန့်ဖြစ်သည်။ တမာခေါက်သည် မွဲပြာတွင် အဖြူညှင်း ပြောက်ထနေသော အရောင်အသွေးရှိသည်။ ဒေါင်လိုက်ရွှေ့၍ ကျနေသောအဆင်းများရှိသည်။ တမာပင်သည် အတော်အသင် လျှင်မြန်စွာ ကြီးပြင်းနိုင်သော အပင်မျိုး ဖြစ်သည်။ နုံးမြေကို ပိုမိုနှစ် သက်သော်လည်း မည်သည့်မြေမျိုးတွင်မဆို ဖြစ်ထွန်းနိုင်သည်။ ရေငွေ့ကိုလည်း များများမလိုချေ။ ထို့ကြောင် မိုးခေါင်ရေရှားရပ်ဝန်းဒေသများ၌ လမ်းဘေးဝဲယာတွင် စိုက်ပျိုးရန် အသင့်တော်ဆုံး ဖြစ်သည်။ တမာပင်စိုက်ပျိုးရန် အကောင်းဆုံးနည်းမှာ ပျိုးခင်းတွင်မျိုးစေ့များကိုပျိုးပြီး ပေါက်လာသော အပင်ကလေးများကို အလိုရှိသောနေရာသို့ ရွှေ့ပြောင်းစိုက်ပျိုးခြင်းဖြစ်သည်။ မိုးတွင်း၌ မှည်လာသောမျိုးများ မြေပေါ်သို့ မကြွေကျမီ စိုက်ပျိုးသင့်သည်။ အဘယ်ကြောင် ဆိုသော် မျိုးစေ့များသည် လျှင်မြန်စွာပျက်စီး သွားတတ်သောကြောင့် ဖြစ်သည်။ တမာပင်များကို လမ်းဘေးဝဲယာတွင် စိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့်တစ်ပင် ပေ(၃ဝ)စီ ခြားကာစိုက်သင့်ပါသည်။ မြန်မာနိုင်ငံတွင် တမာပင်ကို ဆေးဘက်ဝင်သဖြင့် စိုက်ပျိုးကြသည်။ တမာခေါက်ကို အားတိုးဆေး ဖော်ရာတွင်လည်းကောင်း၊ တမာသီး၊ တမာရွက်၊ တမာဆီကို သီးနှံစိုက်ခင်းများတွင် ပိုးသတ်ဆေးအဖြစ်အသုံး ပြုရန်လည်းကောင်း၊ တမာပွင်နှင့် တမာဆေးကို အနာအကင်း သေစေသောဆေးနှင့် အစာကြေဆေးဖော်ရာ၌လည်းကောင်း အသုံးပြုကြသည်။ တမာဆီကို သန်ကျဆေးအဖြစ်လည်း အသုံးပြုသည်။ တမာရွက်ကို ကြိတ်၍အုံလျှင် ဝဲခြောက်နှင် ပြည်တည်သော အဖုအပိမ့်တို့ကို   ပျောက်ကင်းစေနိုင်သည်ဟု ဖော်ပြထားကြောင်း လေ့လာတွေ့ရှိရသည်။

ပါဠိစာပေ အထောက်အထားများ

လူမျိုးတို့သည် ကမ္ဘာဦးအစကပင် စတင်ပေါက်ဖွားလာသောလူမျိုးများ၊ ထို့နောက်မှ လူတစ်မျိုးနှင့် တစ်မျိုးတို့ ရောစပ်လျက် လူမျိုးအသစ်များဖြစ်လာရသည်လည်းရှိ၏။ ထို့အတူပင် သစ်ပင်များသည် လည်း ကမ္ဘာဦးကပင်စတင်ပေါက်ဖွားသောအပင်မျိုး၊ နောက်မှ တစ်ပင်နှင့် တစ်ပင်ရောစပ်၍ အပင်သစ် တစ်မျိုးဖြစ်လာသောအပင်မျိုးလည်းရှိသည်။ ထိုအပင်မျိုးများအနက် တမာပင်သည် ကမ္ဘာဦးကပင် စတင်ပေါက်ဖွားလာသောအပင်မျိုးဟူ၍ယူဆအပ်သည်။ အကြောင်းမူ ဂေါတမ မြတ်စွာဘုရား ဟောကြားတော်မူသော ဇာတ်တော်များတွင် တမာ၏ ခါးသောဂုဏ်သတ္တိများ ပြဆိုရာတွင် တမာပင်သည်မည်သည် အပင်မျိုးနှင့် မဆိုပေါင်းမိရောယှက်သည်ဖြစ်စေ၊ မိမိ၏ အခါး သတ္တိကိုမစွန် ဟူသော စကားများပါရှိ၏။ ထို့ကြောင့် တမာသည် အခြားသောအပင်များနှင့် ရောယှက်ပေါက်ဖွား၍ နောက်မှပေါ်ပေါက်လာသော အပင်မျိုး မဟုတ်ဘဲ ကမ္ဘာဦးကပင် သီးသန့် ပေါ်ပေါက်လာခဲ့သော အပင်မျိုးဖြစ်သည်ဟုယူဆအပ်သည်။ ထို့ပြင် ဂေါတမ မြတ်စွာဘုရား ဟော ကြားတော်မူခဲ့သော ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ဝေရဉ္ဇရာကဏ္ဍတွင် မြတ်စွာဘုရားသခင် သက်တော်ထင်ရှားရှိစဉ်က ဝေရဉ္ဇရာပြည်ရှိ တမာပင်ရင်း၌ သတင်းသုံးတော် မူကြောင်းပါရှိသဖြင့် တမာပင်သည် မြတ်စွာဘုရားသခင် သက်တော်ထင်ရှားရှိစဉ်ကလည်း လူတို့၏ အရိပ်အာဝါသ ခိုလှုံရာအပင်အဖြစ်ဖြင့် တည်ရှိနေခဲ့သည်မှာ ထင်ရှားလှပေသည်။ ထိုမှတပါး မြတ်စွာဘုရားသခင် သက်တော်ထင်ရှားရှိစဉ်က တမာပင်ကို အရိပ်ခိုလှုံရန်အတွက်သာ အသုံးပြုကြသည် မဟုတ်သေးပေ။  ဆေးဘက်ဝါးဘက်အဖြစ်လည်းကောင်း၊ အစာအဟာရသုံးအနေဖြင့်လည်းကောင်း အသုံးပြုခဲ့ကြသည်ကို ပါဠိစာပေတို့၌ တွေ့ရှိရပေသည်။ တမာပင်ကို ပါဠိဘာသာဖြင့် နိမ္မဟူ၍ လည်းကောင်း၊ ပိဓုမဒ္ဒဟူ၍လည်းကောင်းခေါ်ဝေါ်၏။ နိဗ္ဗသဒ္ဒါကို ဋီကာဆရာများက နိမွတ်သိဒ္ဓတီ တိနိမ္မောဟု ဝိဂြိုလ်ပြုကြ၏။ ယင်း၏အဓိပ္ပါယ်မှာ ကျန်းမာတည်းဟူသောရေစဉ်ကို သွန်းလောင်း တတ်သောအပင်မျိုး ဟူ၍ ဆိုလိုသည်။ ပိစုမဒ္ဒ သဒ္ဒါကို ပိစုံမဒ္ဒတီတိ ပိစုမဂ္ဂေါ ဟူ၍ ဝိဂြိုလ်ပြုကြသည်လည်းရှိခဲ့သည်။ လည်းကောင်းအဓိပ္ပါယ်မှာ တမာသည် ပိစုမည်သော နူနာကို နှိမ်နင်းနိုင်သောအပင်မျိုးဟူ၍ဆိုလိုသည်။ ဤဋီကာဆရာတို့၏ ပိဂြိုလ်ပြုချက်တို့ကို ထောက် ဆခဲ့သော် လူတို့သည်တမာပင်ကို ထိုခေတ်ထိုအခါကပင် ရောဂါဘယများအတွက် ဆေးဝါးအဖြစ် အသုံးပြုနေကြသည်မှာ လည်း ထင်ရှားလှကြောင်း လေ့လာသိရှိရပေသည်။

စာရေးသူတို ၏မြန်မာပြည်တွင် တမာပင်အမြောက်အများပေါက်ရောက်ကြသော်လည်း ထိုတမာပင်၏အသုံးချပုံ၊ အသုံးဝင်ပုံများကို ယခင်ကကောင်းစွာမသိကြသေးချေ။ ထို့ကြောင် တမာပင်၏ အကျိုး ကျေးဇူးကိုမသိကြဘဲ နှစ်စဉ်နှစ်တိုင်း တမာပင်ကထွက်သော ပစ္စည်းတို့သည် အလဟသဖြစ်ခဲ့ရသည်။

တမာ၏ အကြောင်းအရာများကို ရှေးရှေးစာရေးဆရာတို့က ပျို့ကဗျာ၊လင်္ကာများဖြင့် ရေးသား ခဲ့ကြသည်ကို တွေ့ရှိရပါသည်။ သို့ရာတွင် ထိုရေးသားချက်များသည် တမာ၏ ခါးသော ဂုဏ်သတ္တိ အကြောင်းကိုသာ ရေးဖွဲ့သီကျူးခဲ့ကြသဖြင့် စာရေးဆရာများ၏ ကလောင်ဖျား၌ အခါးတွင် တမာ စသည်ဖြင့်သာ အချိန်ကုန် နေခဲ့ကြရပါသည်။

စိုက်ပျိုးရေးတွင် ယနေ့ အသုံးဝင်လာပုံ

စာရေးသူတို့၏ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲလက်အောက်ရှိ တမာပိုးသတ်ဆေး စက်ရုံ (ပလိပ်၊ပခုက္ကူ၊ မကွေး)များ (၃)ရုံရှိပြီး နိုင်ငံတော်၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုအရ လုပ်ငန်းရှင် များအား BOT စနစ်ဖြင့် နှစ်ရှည် ငှားရမ်းဆောင်ရွက်လျက်ရှိပေသည်။ တမာပင်မှထွက်ရှိသော တမာစေ့များကို နေရာဒေသအလိုက် ဈေးကောင်းပေးဝယ်ယူပြီး သီးနှံစိုက်ပျိုး ထုတ်လုပ်သူ တောင်သူလယ်သမား များအတွက် တမာပိုးသတ်ဆေး၊ တမာစေ့ ကြိတ်မှုန့် မြေဩဇာနှင့် တမာဆီများကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပေသည် တမာစေ့မှ ထုတ်ယူရရှိသော တမာပိုးသတ်ဆေးသည် လူသားတို့အား လုံခြုံမှုကိုပေးနိုင်သောဘေးအန္တရာယ် ကင်းရှင်းမှုကိုဖြစ်စေခြင်း၊ လူနှင်ပတ်ဝန်းကျင်ရှိလေထု၊ ရေထုတို့အား ညစ်ညမ်းမှုနှင့် အန္တရာယ်ပေးမှုမှ ကင်းရှင်းစေခြင်း၊ သီးနှံစိုက်ခင်းများသို့ ပိုးမွှားများ မကျရောက်နိုင်အောင် အနံ့ဖြင့် တားဆီးပေးနိုင်ခြင်း၊ သီးနှံစိုက်ခင်းတွင်ကျရောက်နေသော ပိုးဖလံများ၏ အစာစားလိုစိတ်မရှိအောင် စွမ်းဆောင်ခြင်းဖြင့် ပိုးမွှားများ၏ကြီးထွားမှုနှင့် မျိုးပွားမှု များကို ဟန့်တားပေးနိုင်ခြင်း စသော အစွမ်းသတ္တိရှိကြောင်းကို သုတေသနပြုချက်များအရ သိရှိရပြီး ဖြစ်ပေသည်။ လက်တွေ့တွင်လည်း တွင်ကျယ်စွာ အသုံးပြုလာကြပေပြီ။ သိသူဖေါ်စား၊ မသိသူ ကျော်သွားဟူသော ဆောင်ပုဒ်အတိုင်း တမာကြိတ်မှုန် မြေဩဇာနှင့် တမာပိုးသတ်ဆေးများ၏ အာနိသင်နှင့် အကျိုးဖြစ်ထွန်းမှု အကြောင်းကို သိရှိနားလည်လာသူများက ယနေ့အခါ သုံးစွဲလာ ကြပြီဖြစ်သည်။

ဓာတုမြေဩဇာများ၊ ဓါတုပိုးသတ်ဆေးများသုံးစွဲခြင်းမှ ရရှိလာသော သီးနှံထွက်ကုန်များထက် သဘာဝမြေဩဇာများ၊ Organic များအသုံးပြု၍ ရရှိလာသောသီးနှံ ထွက်ကုန်များသည် ယနေ့ကမ္ဘာ့ ဈေးကွက်တွင် ပိုမိုလူကြိုက်များလာကြသည်။ ယနေ့ခေတ်ကာလတွင် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံအားလုံးသည် အရေအတွက်ထက် အရည်အသွေးဘက်သို့ ပိုမိုအားပြုလာကြသည်။ စာရေးသူ တို့ နိုင်ငံ၏ စီးပွားရေးသည်စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည့် အားလျော်စွာနိုင်ငံသူ/သား များ၏ ကျန်းမာရေး၊ စီးပွားရေးနှင့် ဘက်စုံလုပ်ငန်းများအောင်မြင်ရေးတို့သည်ရေရှည် တည်တံ့သော စိုက်ပျိုးရေးအပေါ်တွင် လုံးဝမှီတည်လျက်ရှိပါသည်။ အစားလည်းဆေး၊ ဆေးလည်း အစာ ဟူသောစကားအတိုင်း မိမိတို့နေ့စဉ်စားသောက်နေသောအစားအစာများတွင် ကျန်းမာရေးကို ထိခိုက်နိုင်သော ဓာတုဆေးများပါဝင်သောအရာများကိုရှောင်ရှားပြီး စားတတ်အောင် လေ့ကျင် ရန်လို အပ် နေပြီဖြစ်သည်။

ထို့အပြင် သီးနှံစိုက်ပျိုးထုတ်လုပ်သူတောင်သူဦးကြီးများ၊ အထူးသဖြင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် မိမိတို့၏ စိုက်ခင်းများတွင်ဓါတုပိုးသတ်ဆေးများနှင် ဓာတ်မြေဩဇာသုံးစွဲ မှုကို အတတ်နိုင်ဆုံး လျှောချသုံးသင့် နေပြီဖြစ်သည်။ သီးနှံစိုက်ခင်းနေရာများတွင် သဘာဝမြေ

ဆွေးများ၊ တိရစ္ဆာန်စွန်ပစ်ပစ္စည်းများ၊ ဘိုကာရှီမြေဆွေးများ၊ တီကျစ်စာမြေဆွေးများ၊ တမာကြိတ်မှုန့်မြေဩဇာများနှင့် တမာပိုးသတ်ဆေးကဲ့သို့သော Organic ပစ္စည်းများကို သုံးစွဲခြင်းဖြင် ရေရှည်တည်တံသော စိုက်ပျိုးရေးစနစ်မှသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ ပြည်သူပြည်သားများ အားလုံးကျန်းမာပျော်ရွှင်စွာ လျှောက်လှမ်းကြပါစို့ဟု ရေးသားတိုက်တွန်း လိုက်ရပါသည်။