ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၈)၊ အမှတ်(၅) တွင် မိဘစကားကို နားမထောင်ကြသည့် သမင်လေး နှစ်ကောင်၏ တောထဲတွင် အန္တရာယ်နှင့် ကြုံတွေ့ရပုံကို သရုပ်ဖော်ထားသည့် “မေမေ့စကား” မျက်နှာဖုံးကာတွန်း၊ ဆရာကြီး၏ ဆုံးမစကားကြောင့် အမှိုက်ကို စည်းကမ်းရှိစွာ စနစ်တကျ စွန့်ပစ် ရမည်ကို နားလည်သဘောပေါက်သွားသော ကျောင်းသားလေးများအကြောင်းကို သရုပ်ဖော်ထားသည့် “အမှိုက်လိုလူ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းများနှင့် တွေ့လျှင် ကြွားဝါလေ့ရှိသော ထူးထူး အကြောင်းကို သရုပ်ဖော်ထားသည့် “မကြွားတော့ပါ” တစ်မျက်နှာကာတွန်း၊ လမ်းပေါ်တွင် ဖြိုးရဲနှင့် သူငယ်ချင်းများ ဘောလုံးကစားရာမှ ဖြိုးရဲ၏မေမေကို ဘောလုံးထိမှန်သွားသောကြောင့် နောင်ကို ဆင်ခြင်၍ ကစားကြတော့မည့်အကြောင်း သရုပ်ဖော်ထားသည့် “မကန်တော့ပါဘူး” နှစ်မျက်နှာ ကာတွန်းနှင့် ဆရာမမေးသည့် ခါးသီးခြင်း၏ အဓိပ္ပာယ်ကို မှားဖြေခဲ့မိသည့် သားဇော်အကြောင်းကို သရုပ်ဖော်ထားသည့် “ဖိုးဇော်” မျက်နှာဝက်ကာတွန်း ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
တပို့တွဲလတွင် ပြုလုပ်လေ့ရှိသော ထမနဲထိုးပြိုင်ပွဲအကြောင်းကို ဗဟုသုတရရှိစေရန် ရေးသားထားသည့် “စုပေါင်းဆင်နွှဲ ထမနဲပြိုင်ပွဲ” သုတဆောင်းပါးကဏ္ဍ၊ ကောင်းခန့်၏ ကူညီတတ်သည့်စိတ်ဓာတ်နှင့် လုပ်ရပ်ကြောင့် မိမိ၏ အမှားကို ခွင့်လွှတ်ရန် ပြန်လည်တောင်းပန်ခဲ့သည့် သူရ အကြောင်းကို ရေးသားထားသည့် “သူငယ်ချင်းကောင်း” ဝတ္ထုကဏ္ဍ၊ သိမ်းငှက်၏ လိမ်ညာလှည့်ဖြား မှုကို သိရှိသွားသော လိပ်လေးအကြောင်းကို ရေးသားထားသည့် “လိပ်တွေ ခေါင်းဝှက် ဘယ့်အတွက်” ပုံပြင်ကဏ္ဍနှင့် တပို့တွဲလတွင် တမာရွက်များ နုပုံ၊ ပေါက်ပင်၊ လဲပင်များ ပွင့်ပုံနှင့် ထမနဲများထိုးကာ လှူဒါန်းပုံများကို သီကုံးရေးစပ်ထားသည့် “လတပို့တွဲ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စကားပြောဆိုရာတွင် သဘာဝကျနစွာ ပြောဆိုလေ့လာနိုင်မည့် “အခြေခံ လိုအပ်သည့် အီဒီယမ်” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။