ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်း၊ အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် (၈) နာရီအချိန်က မီးရထားဆိပ်ရပ်ကွက်ရှိ ပန်ဇင်းချောင်း ကမ်းဘေး၊ စည်ပင်သာယာပိုင်မြေနေရာရှိ အများပြည်သူအနားယူ အပန်း ဖြေနိုင်ရန်အတွက် မြို့ပန်းခြံပြုလုပ်မည့် မြေနေရာအား တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ စည်ပင်ဝန်ထမ်းများ၊ မီးသတ်ဝန်ထမ်းများ၊ မြို့သစ်ရပ်ကွက်နှင့် မီးရထားဆိပ် ရပ်ကွက်တို့မှ ပြည်သူများပူးပေါင်းပြီး အမှိုက်များရှင်းလင်းခြင်း၊ မြက်/ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အများပြည်သူ အနားယူ အပန်းဖြေနိုင်မည့် မြို့ပန်းခြံတစ်ခုဆောက်လုပ်နိုင်ရေးတို့နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မြို့ပန်းခြံတည်ဆောက်မည့် နေရာအနီးရှိ လျှပ်စစ်မီးသွယ်တန်းထားရှိသော ဓါတ်ကြိုးများတွင် သစ်ပင်/သစ်ကိုင်းများ ကျရောက်နေခြင်းအား လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် တပ်မတော်သားများ၊ မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှ စုပေါင်းရှင်းလင်း ဖယ်ရှားနေသည်ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။