ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့်(၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ အစမ်းလေ့ကျင့်မှုများ ဆောင်ရွတ်

ကန်ကြီးထောင့် ဇူလှိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ခရိုင်အဆင့်ပြိုင်ပွဲဝင်ရန် ကန်ကြီးထောင့်မြို့ ဧရာသီရိသုခခန်းမတွင် ဇူလှိုင်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အဆင့် ဆိုကရေးတီးပြိုင်ပွဲ ဝင်များအစမ်းလေ့ကျင့်မှု အခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်များက သတ်မှတ်ထားသည့် ပြိုင်ပွဲအမျိုးအစားအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လေ့ကျင့်ထားရှိမှုများအား အစမ်းလေ့ကျင့် ဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ တာဝန်ရှိသူများက ပြိုင်ပွဲဝင်ရောက်ကြမည့်သူများအား ဝတ်စုံများနှင့်တူရိယာများအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ  ဌာနဆိုင်ရာများ၊ သဘင်၊ ဂီတ အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊  ပြိုင်ပွဲဝင်များ၊ မိဘ ပြည်သူများလာရောက်ကြည့်ရူ အားပေးခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်အနေနှင့် အခြေခံပညာနှင့်ဝါသနာရှင်၊ ပညာရှင် အဆင့်ပြိုင်ပွဲဝင်များကို ပုသိမ်ခရိုင် ကိုယ်စားပြု၊ တိုင်းကိုယ်စားပြု၍ ဗဟိုအဆင့်ထိ ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ မိမိတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမူ အမွေကို အနာဂတ်လူငယ်များသိရှိ တန်ဖိုးထားတတ်စေရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမူကို ထိန်းသိမ်းစောင့်ရှောက် တတ်စေရန် ရည်ရွယ်ချက်များဖြင့် မြို့နယ်အဆင့်မှခရိုင်အဆင့်၊ တိုင်းအဆင့် ဗဟိုပြိုင်ပွဲများအတွက် ရည်ရွယ်ကာ ပြိုင်ပွဲဝင်များကို တစ်လတာ စခန်းသွင်း လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

မဇင်

ကန်ကြီးထောင့်ပြန်/ဆက်