စာရေးတံမဲ ဝါခေါင်ပွဲ

ဝါခေါင်လသည် မြန်မာလတစ်ဆယ့်နှစ်လတွင် ပဉ္စမလဖြစ်သည်။ မိုးဥတုတွင်ပါဝင်သည်။ ဝါခေါင် လကို ရှေးအခါက နံကာလဟုလည်းခေါ်ကြသည်။ ပုဂံခေတ်ကျောက်စာများတွင် ဝါခေါင်ဟူ၍ လည်းကောင်း၊ နံကာလဟူ၍လည်းကောင်း အရေးအသားနှစ်မျိုးလုံးကိုတွေ့ရ၏။ နံကာလ အကြောင်းကို ဝေါဟာရလီနတ္တဒီပနီကျမ်း၌" ထိုနံကာလသဘောအဓိပ္ပါယ်ကိုကြံသော် အဘိဓာန် ကျမ်းတွင် သာဝဏော၊နံကာလ၊နိက္ခမနီယော၊နံကာလ ဟူ၍ ပရိယာယ် နှစ်ပုဒ်ပြသည်။ အဘိဓာန် ဋိကာတွင် အန္တောဝီထိတော ဗဟိနိက္ခမတိ သူရိယောဧတ္တာထိ နီက္ခမနီယော၊ အဓိကရဏေ အနီယော " ဟူ၍ဖွင့်ဆိုသည်။

အနက်ကား ဧတ္တ၊ ဤကာလ၌ ၊သူရိယော၊ နေသည်၊ အန္တောဝီထိတော၊ အတွင်းခရီးမှ ဗဟိဝီထိ၊ ပြင်ခရီးတို့။ နိက္ခမထိ၊ထွက်တတ်၏။ ဣထိတသ္မာ၊ထိုကြောင့်၊ နိက္ခမနီယော၊ နိက္ခမနီယမည်၏။ အဓိကရဏေ၊သာဝန၌ အနီယော၊ အနီယပစ္စည်းတည်း ဟူ၍ဆိုသည်။ နိက္ခမနီယသဒ္ဒါရွေ့လျော၍ မြန်မာဘာသာ နံကာလဝေါဟာရဖြစ်သည်ယူရန်ရှိ၏" ဖော်ပြ ထားလေသည်။

နံကာလ၏အနက်အဓိပ္ပါယ်ကို လယ်လုပ်ချိန်၊ ထွန်ထယ်ချိန်၊ စိုက်ပျိုးချိန်၊လယ်လုပ် ချိန်လ၊ ထွန်ထယ်ချိန်လ၊ စိုက်ပျိုးချိန်လ ဟူ၍ ယူဆသည်လည်းရှိ၏။ ဗေဒင်အခေါ်အားဖြင့် ဝါခေါင်လကို သိဟ်ရာသီဟုခေါ်၏။ ထိုရာသီတွင် သရဝဏ်နက္ခတ်နှင့် လမင်းတို့ယှဉ်ပြိုင်ကာ မွန်းတည့်၏။ ဖုသျှနက္ခတ်နှင့် နေမင်းတို့ ယှဉ်ပြိုင်လေသည်။ ရာသီရုပ်မှာ ခြင်္သေရုပ်ဖြစ်၏။ရာသီပန်းမှာ ခတ္တာ ပန်းဖြစ်သည်။

ဝါခေါင်တကြောင်း၊ထနောင်းကြောင်ခြစ်၊ ဆူးရစ်ပွင့်ကာမိုးမရွာ၊ရွာပါသော်လည်း မိုးမသည်း ဟူ၍ ဝါခေါင်မိုးကိုရှေးကဖွဲ့ဆိုထားခဲ့သည်။ ဝါခေါင်လတွင် ထနောင်းပင်၊ ကြောင်ခြစ်ပင်နှင့် ဆူးရစ်ပင် တို့ ပွင့်ကြသည်။ မိုးမရွာရွာသည့်အခါတွင်လည်း သဲသဲမဲမဲမဟုတ်ဟု ဆိုသည်။ ထနောင်းပင်၊ ကြောင်ခြစ်ပင်၊ ဆူးရစ်ပင်တို့က မြန်မာနိုင်ငံအလယ်ပိုင်းတွင် တွေ့ရသော ဒေသပေါက်ပင်များ ဖြစ်ကြသည်။နိုင်ငံတစ်ဝန်းတွင်မိုးသည်းတတ်သော ဤလတွင် အညာမှာတော့ မိုးမရွာ။

ဝါခေါင်လ၏ပွဲတော်မှာ စာရေးတံမဲပွဲဖြစ်သည်။စာရေးတံမဲဖြင့်ဆွမ်းလှူသည့် ပွဲတော်ကို ဘုရားရှင် လက်ထက်တော်ကပင်စတင်ခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ပုဂံခေတ်တွင်ကျင်းပ နေပြီဖြစ်ကြောင်း ကျောက်စာအထောက်အထားရှိခဲ့သည်။ ဤသည်ကိုရည်၍ ဦးယာ၏ ဆယ့်နှစ်ရာသီဘွဲ့ လူးတား ဝါခေါင်လဘွဲ့၌

"ရတုဝါခေါင်၊ တိမ်တောင်ပတ်ယှက်၊ သည်ရက်အခါ၊ မြတ်စွာထွတ်ထား၊ရွှေစကားတွင်၊ ပွဲများခြိမ့်ခံ၊စာရေးတံဟု၊ စီမံခင်းကျင်း၊ မင်းသားတသီး၊ မင်းသမီးနှင့် မှူးကြီးမတ်ရာ၊ မြတ် သင်္ဃာတို့၊ရတနာထွေပြား၊ အပါးပါးနှင့်၊ သကြားကြံချို၊ ဆိမ့်ယိုအုန်းသီး၊ ပျောသီး ရွှေရောင်၊ မြဒေါင်းပေါင်တွင်၊ အသာတင်၍၊ သဘင်ခံပွဲ၊ညံမစဲသား၊ပုလဲရွှေမြင်၊ ငါးအင်က လျာ၊ မိုးသူဇာသို့၊ ဖလ်ပြာတကောင်း၊ရှိစုံပေါင်း၍၊ ဝပ်ညောင်းပန်ကြား၊ လျှောက် ဆိုထား သည်။"ဟူ၍ စပ်ဆိုထား၏။ ထို့ပြင် ဝါခေါင်လသည် တောင်ပြုံး ညီနောင်နတ်ပွဲများ ကျင်းပသောလ ဖြစ်သည်။ ထိုနတ်ပွဲ အတွက် လှေပွဲများလည်း ပြုလုပ်သည်ဟု ဆိုလေသည်။

ဝါခေါင်လတွင် နံနက် စက်နာရီ ၅ နာရီ မိနစ် ၄၀ ၌ နေထွက်၍ ညနေစက်နာရီ ၆နာရီ ၂၉မိနစ်တွင်နေဝင်သည်။မြန်မာနာရီအားဖြင့် နေ့ ၃၄ နာရီ၊ ညဉ့် ၂၆ နာရီရှိသည်။ ဤကို ရည်၍ ဦးယာက ---" တောင်လေသွဲ့၍၊ရွာတဲ့မလို၊ ငွေသဲပျိုက၊ ရေညိုနဒီ၊ လှိုင်းလုံးချီ၍၊ ရာသီထိန၊သည်မာသတွင်၊ဇယတြိ၊နေ့ရှိနာရီ၊ မမှီညဉ့်ရောက်၊နှစ်ဆယ့်ခြောက်တည်း" ဟူ၍ စပ်ဆိုခဲ့၏။ဝါခေါင်လမှာ ရက်မစုံကွယ်သောလဖြစ်သောကြောင့် ရက်ပေါင်း ၂၉ ရက်ရှိသည်။ ဝါခေါင်လတွင်ကြာသပတေးနှင့် စနေမှာ ပြဿဒါးနေ့များဖြစ်၍ ဗုဒ္ဓဟူးနှင့် သောကြာမှာ ရက်ရာဇာများဖြစ်ကြသည်။

မေတ္တာအခါတော်နေ့ဖြစ်ပေါ်လာပုံ

မြတ်စွာဘုရားသည် သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် အခက ရဟန်းငါးရာသည် ဝါခေါင်လတွင် ဘုရားရှင်ထံမှ ကမ္မဌာန်းတရားနာယူခဲ့ကြသည်။ အဲဒီနောက် ကမ္မဌာန်းတရားအားထုတ်ကြဖို့ သာဝတ္ထိပြည်မှ တစ်ယူဇနာဝေးသော တောအုပ် တစ်ခု၌ ဝါကပ်ကာ ရဟန်းတရားကို အားထုတ်ကြပါသည်။

ရဟန်းတော်များဟာ သစ်ပင်တစ်ပင်စီရဲ့အောက်မှာ ကမ္မဌာန်းတရားအားထုတ်ကြရာ မှာမြင့်မြတ်တဲ့ ရဟန်းတော်များရဲ့သီလအစွမ်းကြောင့် ရုက္ခစိုးများဟာ သစ်ပင်တွေပေါ်မှာ မနေနိုင်ကြတော့ဘဲ အောက်သို့ဆင်းပြီး ဆင်းရဲစွာလှည့်လည်နေထိုင်ကြရပါတယ်။ ပထမ တော့    ခဏတဖြုတ်ပဲ သီတင်းသုံးကြမယ်ထင်လို့ သည်းခံကြပေမယ့်    ရက်ကြာလာ တော့သည်းမခံနိုင်တော့ဘဲ ကြောက်မက်ဖွယ်အဆင်း၊ အသံ၊ စက်ဆုပ်ဖွယ်အနံ့ တို့ဖြင့် အမျိုးမျိုး အဖုံဖုံခြောက်လှန့်ကြပါတယ်။ ရဟန်းတော်များကောင်းစွာ တရားအား မထုတ်နိုင်ကြတော့ဘဲ မြတ်စွာဘုရားထံ အကြောင်းစုံ လျှောက်ထားကြပါတယ်။

ဝါခေါင်လပြည့်နေ့မှာ မြတ်စွာဘုရားက ရဟန်းတော်များကို လူ၊နတ်၊ဗြဟ္မာ သတ္တဝါ တို့ချစ်ခင်စေတဲ့ မေတ္တသုတ်တရားတော်ကို ဟောကြားနာယူစေပါတယ်။ ရဟန်းတော် များနဲ့ သင့်တော်ရာအရပ်ကို ကြည့်တော်မူရာမှာ အခြားနေရာမမြင်၍ မူလအားထုတ်ရာ အရပ်သို့ သာပြန်စေပြီးမေတ္တသုတ်ကိုရွတ်ပွားစေပါတယ်။ မေတ္တသုတ်တရားတော်ရဲ့ အာနုဘော်ကြောင့် ရုက္ခစိုးနတ် တို့ မနှောင့်ယှက်ကြတော့တဲ့အပြင် ရဟန်းတော်များကို ချစ်ခင်မြတ်နိုးလာပြီး တံမြက်လှည်းခြင်း၊ သောက်သုံးရေတည်ခြင်းများပြုကာ ဘေးရန် မရှိအောင် စောင့်ရှောက်ပေး ကြသည်။

ရဟန်းတော်များဟာ တရားကိုဖြောင့်ဖြောင့်အားထုတ်နိုင်ပြီး ဝါမကျွတ်ခင်မှာဘဲ ရဟန်း များ အားလုံး အာသဝေါတရားကုန်ခန်းကာ ရဟန္တာများဖြစ်သွားကြပါသည်။ မြတ်စွာ ဘုရားရှင်သည် ဝါခေါင်လပြည့်နေ့မှာ ရဟန်းငါးရာကို အကြောင်းပြုကာ မေတ္တသုတ် တရားတော်ကို ဟောကြားတော်မူတာဖြစ်လို့ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ လို့သတ်မှတ် ခေါ်ဆိုခြင်းဖြစ်သည်။

မေတ္တာဟူသည် သူတစ်ပါးတို့၏ ကောင်းကျိုးစီးပွားကိုလိုလားသော သဘောရှိသည်။ သူတစ်ပါးတို့၏ ကောင်းကျိုးစီးပွားကို လိုလိုလားလားဆောင်ရွက်ပေးတတ်သည်။ အငြိုး အာဃာတ ကို ပယ်ဖျောက်တတ်သည်။သူတစ်ပါးတို့ ပြည့်စုံချမ်းသာမှုကိုဦးတည်ပါသည်။

မေတ္တာသဘောကို အဘိဓမ္မာမှာသူတစ်ပါးကောင်းကျိုးကို လိုလားတာ၊သူတစ်ပါး ကောင်းကျိုးရှိအောင်ဆောင်ရွက်ပေးတာမေတ္တာဖြစ်တယ်လို့ဆိုပါတယ်။ မိသားစုတေစည်း လုံးမှု ရှိရမည်၊ညီအစ်ကိုမောင်နှမတေ စည်းလုံးမှုရှိရမည်၊ ရပ်ရွာ၊မြို့နယ်၊ တိုင်းပြည်၊ နိုင်ငံ အားလုံး စည်းလုံးမှုရှိရမည်၊စည်းလုံးဖို့၊စည်းစည်းလုံးလုံးရှိဖို့ မေတ္တာအစိုဓါတ် မေတ္တာ အစေး ဓါတ်လိုပါတယ်။ မုန့်လုံးရေပေါ်များလုံးသောအခါ ဆန်မှုန့်ကိုအစိုဓါတ် ရှိသော ရေနှင့် ဆွတ်ဖြန်းပြီးမှ လုံး၍ရပါတယ်၊ အစိုဓါတ်အစေးဓါတ်မရလျှင် လုံး၍မရနိုင်ပါ။ ထို့အတူအချင်းချင်းစည်းလုံး ဖို့၊ ညီညွတ်ဖို့ အသီးသီးမှာ မေတ္တာအစိုဓါတ်၊ မေတ္တာ အစေးဓါတ် ရှိနေရပါမယ်။ ပါးစပ်နှင့် စည်းလုံး၍မရ၊မေတ္တာနှင့်စည်းလုံးမှ သာရပါမယ်၊

စာရေးတံမဲပွဲ

ဝါခေါင်လ သိဟ်ရာသီတွင် ရဟန်းသံဃာတို့အား ဆွမ်း၊ ခဲဘွယ်တို့ကိုလည်းကောင်း၊ ရဟန်းအသုံးအဆောင်တို့ကိုလည်းကောင်း စာရေးတံမဲချ၍ လှူဒါန်းရသောစာရေးတံပွဲကို ကျင်းပ ကြလေသည်။ဘကြီးတော်မင်းတရားမင်းလက်ထက် စာရေးတံပွဲ ကျင်းပပုံကို ထိုရာဇဝင်တော်ကြီးတွင်ဤသို့တွေ့ရလေသည်။ ဝါခေါင်လပြည့်ကျော် ၈ရက်နေ့ ဂါမဝါသီ ပုဂိ္ဂုလ်၊အရညဝါ သီပုဂိ္ဂုလ်၊   အရိယာသံဃာတော်အပေါင်းတို့အား ပရိက္ခရာရှစ်ပါးနှင့် တကွ ရဟန်းတို့ အသုံးအဆောင်နှင့် စပ်သည်ကို အစေ့အစုံဆွဲ၍ ပဒေသာပင်ရေနှစ်ရာ့ ခြောက်ဆယ် (၂၆၀)ကို အတွင်းတော်သို့သွင်းပြီး လျှင်အရှင်မိဘုရားခေါင်ကြီးနှင့်တကွ ရေစက်သွန်း ချတော်မူ၍ သလာကဘတ်စာရေးတံဆွမ်း လှူတော်မူသည်။ (သလာကဘတ်= ပါဠိ၊သလာကဘတ္တ= မြန်မာ၊စာရေးတံဆွမ်း)

ယနေ့ခေတ်တွင်မူ စာရေးတံမဲချ၍ ဆွမ်းလှူသည့်ဓလေ့မှာမှေးမှိန်လျက် ပျောက်လုလု ပင်ရှိနေပြီဖြစ်သည်။ စာရေးတံပွဲတော်သည် စည်းလုံးညီညွတ်မှု၊စည်းစနစ်ကျနမှု၊ သဒ္ဓါတရား ထက်သန်မှုတို့ဖြင့် ညီညီညွတ်ညွတ်ဝိုင်းဝန်းကြိုးပမ်း သဒ္ဓါကြည်ဖြူ လှူဒါန်း ကာ ကြည်နူး ဝမ်းမြောက်ကြရသော အလှူဒါနမျိုးဖြစ်သည်။ အဆိုပါယဉ်ကျေးမှု ဓလေ့ သည် တစ်စတစ်စ နှင့် ကွယ်ပျောက်သွားမည့်အဖြစ်သို့မရောက်ရအောင် ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ကာ ဘာသာရေးနှင့်ယှဉ်သည့်ယဉ်ကျေးမှုတစ်ရပ်အဖြစ် မြှင့်တင် ကြစေ ချင်မိသည်။

စာရေးတံမဲဆွမ်းအလှူတော်ကျင်းပရန်အတွက် ရှေးဦးစွာမိမိတို့၏ မြို့ရွာနှင့်ပတ်ဝန်း ကျင်မြို့ရွာများရှိ သံဃာတော်များ၏ဘွဲ့အမည်များကို စာရင်းကောက်ယူကြရသည်။ ထို့နောက် မဲတံကလေးများ၏ထိပ်တွင် ဆရာတော်၊သံဃာတော်များ၏ဘွဲ့အသီးသီးကို ရေးထားပြီး ဝါးကျည်တောက်ကဲ့သို့သောထည့်စရာတစ်ခုခုထဲတွင် စိုက်ထည့်ထားရသည်။ ယင်းနောက် ဧည့်ပရိသတ်များကို ဖိတ်ကြားကာပရိသတ်စုံလင်ပါက ဒကာ၊ဒကာမတို့က စာရေးတံမဲကလေး များကို နှိုက်ယူကာ   မိမိကျသည့်    မဲတံကလေးတွင်     ပါရှိသော ဘွဲ့ရှင် ဘုန်းတော်ကြီးကို နောက် တစ်နေ့နံနက်စောစောတွင် အိမ်သို့ပင့်၍ ဆွမ်းကပ် လှူခြင်း၊သို့မဟုတ် ပါကလည်းဘုန်းတော်ကြီးထံတွင် ဆွမ်းအုပ်၊ဆွမ်းချိုင့်တို့ကို ပို့ဆောင်လှူဒါန်းခြင်းတို့ပြုလုပ် ကြသည်။ မဲကျရာဘုန်းတော် ကြီးကို လှူဒါန်းခြင်း ဖြစ်သည့် အတွက် ပုဂိ္ဂုလ်အစွဲအလမ်း မရှိ။ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းကြခြင်း ဖြစ်သည်။ မြန်မာဘုရင်များ၏စာရေးတံ အလှူတွင် သံဃာတော် အပေါင်း တို့အား ပရိက္ခရာရှစ်ပါးနှင့်တကွ ရဟန်းတို့နှင့်စပ်သည့် အသုံးအဆောင်တို့ကို ပြည့်စုံစွာ ပဒေသာပင်များ ချိတ်ဆွဲ၍ပါ စာရေးတံဆွမ်းနှင့်တကွရေစက်ချ လှူဒါန်း ခဲ့ကြသည်ဟု သမိုင်းတွင် တွေ့ရသည်။

သရဏဂုံသုံးပါး၌တည်ခြင်း ၊ငါးပါးသီလမြဲမြံခြင်း၊ စာရေးတံမဲလှူဒါန်းခြင်း၊ လပြည့် လကွယ်ကဲ့သို့သော ၁၅ ရက် ဆွမ်းဝတ်လှူဒါန်းခြင်း၊ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ သောက် ရေကန် လှူဒါန်းခြင်း၊ကျောင်းလှူဒါန်းခြင်း ဟူသော နိဗဒ္ဓ ပုညံ ကုသိုလ်ခုနှစ်ပါး ပြုသူသည်သေသည့်နောက် အပါယ်မရောက်ဂတိမြဲသည်၊ သုဂတိဧကန်ဖြစ်သည်ဟူ၍ ကောင်းမှု ကုသိုလ်၏အကျိုးတရားများကို အင်္ဂုတ္ထိုပါဠိတော် အဌကထာတွင်ပြ ဆိုထား သည်။ ရှေးဓလေ့အစဉ်အလာကောင်းမြတ်သော ယဉ်ကျေးမှုတစ်ရပ်ကို မပျောက် မပျက် အောင် ထိန်းသိမ်းမြှင့်တင်ခြင်းဖြင့် ကုသိုလ်အကျိုးတရားတို့ တိုးပွားနိုင်ကြ မည်ဖြစ် ပါသည်။

ဝါတွင်းကာလများ၌ ကောင်းမှုကုသိုလ်များကို အထူးပြုလုပ်ကြသည်ဆိုသော်လည်း ကောင်းမှုကုသိုလ်ဟူသည် အချိန်အခါမရွေး မင်္ဂလာနေ့ထူးဖြစ်၍ ရက်အခါ မရွေးဘဲ ပြုလုပ် သင့်ကြပါသည်။ယနေ့အချိန်ကာလတွင် ကိုဗစ်-၁၉ကပ်ရောဂါကို လူအများ ကြုံတွေ့ ခံစားရသည် ဖြစ်၍ ရောဂါဘေးအန္တရာယ်များမှ ကင်းဝေးစေရအောင် ကျန်းမာ ရေး ဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာရုံမျှမက ဘာသာတရားကို အထူး အလေးထားခြင်း၊ လူအချင်း ချင်းမေတ္တာထားခြင်း၊ ကောင်းမှုကုသိုလ်များကို အထူးပွားများခြင်းဖြင့် ကပ်ရောဂါဘေးမှ ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်မိပါ ကြောင်းရေးသား လိုက်ရပါသည်။

မယု(ငဖဲ)