စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

မုံရွာ မေ ၁၄

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို မေလ ၁၄ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိများနှင့်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရည်မှန်းချက်တာဝန်(၄)ရပ်နှင့် မှုခင်းကျဆင်းရေးလုပ်ငန်းစဉ်(၅)ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အပြင် “နိုင်ငံတော်တွင်အရေးကြုံတိုင်း နောင်တော်တပ်မတော်နှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့် မူဝါဒနှင့်အညီ တပ်မတော်နှင့်ပူးပေါင်း၍ နယ်မြေလုံခြုံရေး၊ စစ်ဆင်ရေးများကိုလည်း အသက်ကိုပဓာနမထားဘဲ ဆောင်ရွက်နေရသည့်အတွက် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယခုလိုရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ပါကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့အားပေးအပ်ထားသည့် တာဝန်များအား အလေးထားလိုက်နာပြီး လုံခြုံရေးတာဝန်များအား စွမ်းစွမ်းတမံဆောင်ရွက်ကာ အဂတိတရားကင်းရှင်းစွာဖြင့် အမှန်တရားအတွက် စွန့်လွတ်စွန့်စား ကြိုးပမ်းဆောင်ရွက်ပြီး ပြည်သူလူထု၏လို အပ်ချက်များအားဥပဒေနှင့်အညီ ကူညီဆောင်ရွက်သွားကြရန်နှင့် အမိနိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ပေးအပ်သည့်တာဝန်များအား ဦးလှည့်မသုန် ထမ်းရွက်နိုင်သည့် ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် အစဉ်ကြိုးပမ်းသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နိုင်လင်းက တိုင်းဒေသကြီး အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက် နေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စားဝတ်နေရေး သက်သာချောင်ချီရေးအတွက် ရာသီသီးနှံစိုက်ခင်းများ စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက တိုင်းဒေသကြီး စက်သုံးဆီကြီးကြပ်ရေးအဖွဲ့များ၊ စက်သုံးဆီကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်း စက်သုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် စနစ်တကျမှန်မှန်ကန်ကန် ခွဲဝေသယ်ဆောင်ဖြန့်ဖြူးရောင်းချသွားရေး၊ စက်သုံးဆီများအား အမှန်တကယ်သုံးစွဲမည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများလက်ဝယ် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း မှန်ကန်စွာရောင်းချသွားရေးနှင့် စက်သုံးဆီကြီးကြပ်ရေးအဖွဲ့များနေဖြင့်လည်း ကိန်းဂဏန်းများမှန် ကန်မှုရှိစေရေး တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ စက်သုံးဆီလုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 တိုင်းဒေသကြီး(ပြန်/ဆက်)