မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို ရေနံချောင်းမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ကြည့်ရှုစစ်ဆေး

ရေနံချောင်း ဧပြီ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့က ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်ရှိရောက်ရှိပြီး ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေနံချောင်းမြို့ မြို့ရှောင်လမ်း Greening Complex Zone သို့ရောက်ရှိပြီး မိုင်တိုင်အမှတ်(၃၅၇/၀)တွင် စံပြတမာစိုက်ခင်း ဧက(၁၀၀) စိုက်ပျိုးရှင်သန်ကြီးထွားနေမှုများကိုလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘေးမဲ့ရပ်ကွက်အတွင်းရှိ ဦးအောင်သောင်းရိုး လျှိုပိတ်တမံနှင့် နုံးဖမ်းတမံတည်ဆောက်ပြီးစီးမှုနှင့် ခိုင်ခံ့မှုအခြေအနေများကိုလည်းကောင်း၊ သုံးဆယ့်ခြောက်ကျေးရွာအုပ်စုအတွင်း မြို့နယ်လမ်းဦးစီးဌာနနှင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် ၂၆ ဒသမ ၅၉၀ သန်းဖြင့် ဆောင်ရွက်သည့် ရဟတ်ယာဉ်ကွင်းတည်ဆောက်ပြီးစီးမှုနှင့် ခွင့်ပြုငွေကျပ် ၃၂ ဒသမ ၇၂၀ သန်းဖြင့် ဆောင်ရွက်သည့် မြေနီခင်းခြင်းနှင့် ဖြတ်မြေခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှူအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သုံးဆယ့်ခြောက်ကျေးရွာ ကွင်းအမှတ်(၃၂/ခ/၁) တောင်အနောက်ကွင်းတွင် ဆိုလာရေတင်စနစ်ဖြင့် ယာမြေမှ လယ်မြေသို့ ပြောင်းလဲစိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် ဧက(၁၀၀)စီမံကိန်းစိုက်ခင်းအတွင်း စပါးများ စမ်းသပ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုစစ်ဆေးကာ ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ဒေသခံတောင်သူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ ချောက်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်က ချောက်ခရိုင်အတွင်းရှိ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာအချက်အလက်များနှင့် ပတ်သက်၍လည်းကောင်း၊ ဒေသခံတောင်သူများ၊ မြို့မိမြို့ဖများက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ဒေသလိုအပ်ချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တင်ပြချက်များများအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ရေနံချောင်းတက္ကသိုလ် ရေနံဘူမိဗေဒဌာန လက်တွေ့ခန်းသို့ရောက်ရှိပြီး သင်ထောက်ကူပစ္စည်းများဆောင်ရွက်ထားရှိမှုများနှင့် အပန်းဖြေရိပ်သာတည်ဆောက်နေမှုလုပ်ငန်းခွင်တို့ကို ကြည့်ရှုစစ်ဆေးပြီး ရေနံချောင်းတက္ကသိုလ် သစ္စာဆောင်တွင် ဖွင့်လှစ်လျက်ရှိသည့် အင်္ဂလိပ်စာအရည်အသွေးမြှင့် တစ်လသင်တန်းတွင် တက်ရောက်နေသည့် အခြေခံပညာဦးစီးဌာနမှ ဆရာ ဆရာမများအား သင်ကြားပို့ချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကိုစိုးကြီး