မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးလွန်ကာလ စုပေါင်းသစ်ပင်ရေလောင်းပွဲတော်အခမ်းအနားသို့ တက်ရောက်

မင်းဘူး ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီက စုပေါင်းစိုက်ပျိုးခဲ့သော အပင်များအား ၂၀၂၆ ခုနှစ်၊ မိုးလွန်ကာလ စုပေါင်းသစ်ပင် ရေလောင်းပြုစုခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မင်းဘူး-ပဒါန်း-အမ်းကားလမ်းဘေး ကုန်းသာကျေးရွာအနီးရှိ မိုင်တိုင်အမှတ် ၄ မိုင် ၇ ဖာလုံ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိများ၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

မိုးလွန်ကာလ စုပေါင်းရေလောင်းပွဲတော်အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည်နေထိုင်နိုင်ရန် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများ မပြုန်းတီးစေရေး၊ အပူဒဏ်ကာကွယ်ရေး၊ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သစ်တော၊ သစ်ပင်များ တိုးပွားရှင်သန်စေရန်ရည်ရွယ်၍ နိုင်ငံတော်အကြီးအကဲ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနများပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြည်လာစေရန် အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် မိမိတို့ မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်နှင့် မြိုနယ်များအလိုက် မိုးရာသီက စုပေါင်းစိုက်ပျိုးခဲ့သော အရိပ်ရအပင်များ၊ သစ်မာအပင်များ၊ လေကာတန်းအပင်များ၊ နှစ်ရှည်သီးပင်စားပင်များနှင့် ဆေးဘက်ဝင်အပင်များကို မိုးရာသီအလွန် ပူပြင်းခြောက်သွေ့သော ရာသီဥတုကို ကာလရှည်ရင်ဆိုင်အံတုနိုင်ရန် ပြည်သူများ ပါဝင်စုပေါင်း၍ မြေဆွေးများထည့်ပြီး အမြစ်ဇုန်ထိရောက်အောင် ရေလောင်းခြင်း၊ ပေါင်းရှင်းခြင်း၊ ဓာတ်မြေဩဇာကျွေးခြင်း၊ တောမီးကာကွယ်ခြင်းလုပ်ငန်းများကို ရာသီအလိုက်လုပ်ဆောင်၍ မြဲအောင်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်တွင် အပင်ပေါင်း (၂၅)သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ် မိုးရာသီတွင် ပျိုးပင်ပေါင်း ၁ ဒသမ ၂ သန်းခန့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ သစ်တောစိုက်ခင်းမျိုးစုံ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝတောများထိန်းသိမ်းခြင်း၊ လေကာတန်းများ စိုက်ပျိုးခြင်းတို့အပြင် စိုက်ပျိုးပြီးသစ်ပင်များကိုလည်း တစ်ပင်စိုက်လျှင် တစ်ပင်ရှင်သန်အောင် ပြုစုထိန်းသိမ်း၍ သဘာဝပတ်ဝန်းကျင်ကောင်းရရှိအောင် ပြည်သူလူထုက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စိုက်ပျိုးထားသော အပင်များအား စုပေါင်းရေလောင်းခြင်း၊ မြေဩဇာကျွေးခြင်းနှင့် မြေပဲခွံဖုံးအုပ်ခြင်းများ ဆောင်ရွက်ပြီး တက်ရောက်လာကြသူများမှ စိုက်ပျိုးပြီးသစ်ပင်များအား တစ်ပျော်တစ်ပါး ရေလောင်း၊ ပေါင်းရှင်း၊ ပြုစုထိန်းသိမ်းနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စကုမြို့သို့ သွားရောက်၍ သားမွေးချောင်း (နွားကူးရိုး)ပေါ်ရှိ ပေတိုင် ၁၆၀၀၀ မှ ၂၂၀၀၀ အထိ ပေါင်ဆင့်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် စကုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခေတ္တစိုက်ထုတ်ရန်ပုံငွေ (၆၄)သိန်းဖြင့် ဆောင်ရွက်သော (၄၅ ပေ x ပေ ၃၀) ပျံကျဈေးရုံသစ် ဆောက်လုပ်ပြီးစီးမှုနှင့် ဈေးသူဈေးသားများ၏ ထည့်ဝင်ငွေဖြင့် ဆောင်ရွက်သော (၁၆၃)ပေ အရိပ်ရအမိုး ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် မြို့ဒေသခံများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)