ငဖဲ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ကျောင်းတွင်းရပ်ကွက်ရှိ ချင်းတိုင်းရင်းသားဆလိုင်းမောင်လိန်းနေအိမ်တွင် ယမန်နေ့ နံနက်ပိုင်းကကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က တိုင်းရင်းသားများ၏ စာပေသင်ကြားရေး၊ ရိုးရာဓလေ့ပွဲတော်များနှင့် တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်များကို အစဉ်တန်ဖိုးထား ထိန်းသိမ်းတတ်စေရန် ကျင်းပပေးလျက်ရှိကြောင်းနှင့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် မိမိရပ်ရွာဒေသကောင်းကျိုးကို သယ်ပိုးဆောင်ရွက်ကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ အခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ ဆလိုင်းမောင်လိန်းမှ အခမ်းအနား ကျင်းပဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ချင်းတိုင်းရင်းသူ/တိုင်းရင်းသားများကိုယ်စား မဖူးပွင့်ခိုင်မှ ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် ချင်းသမိုင်းကြောင်း သိကောင်းစရာ စာတမ်းကို ဖတ်ကြား၍ တိုင်းရင်းသားရေးရာဝန်ကြီးဦးထွန်းခင် ကအမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့သည်။
ထို့နောက် အရှိုချင်းတိုင်းရင်းသား/သူများမှ ရိုးရာအကများဖြင့် ကပြဖျော်ဖြေပြီး အခမ်းအနားတက်ရောက်လာကြသူများအား ရိုးရာခေါင်ရည်နှင့် အစားအစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)