ဖောင်းပြင်မြို့၌ မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်

ဖောင်းပြင် ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးလောင်မှုမဖြစ်ပေါ်စေရေးနှင့် မီးလောင်မှုဖြစ်ပွားပါက ထိရောက်မြန်ဆန်စွာ မီးငြှိမ်းသတ်နိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိရာ ယနေ့နေ့လယ် ၁ နာရီအချိန်က မြို့မစည်ပင်သာယာဈေး၌ မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာ ဖောင်းပြင်မြို့နယ်၊ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်ထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေသယ်ယာဉ် ၁ စီးတို့ဖြင့် မီးငြှိမ်းသတ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ်လျှပ်စစ်မှူး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့မစည်ပင်သာယာဈေး ဈေးတာဝန်ခံနှင့် ဈေးကော်မတီဝင်များတွေ့ဆုံကာ မီးလောင်မှုမဖြစ်ပေါ်စေရေး ဆောင်ရန်၊ ရှောင်ရန် အချက်များကိုဆွေးနွေးကြပြီး ဈေးအတွင်းအရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် ဆောင်ရွက်ထားရှိသည့် မီးသတ်ဆေးဘူးများ၊ရေစင်မှရေရရှိနိုင်မှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ အကြံပြုချက်များ ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပွင့်လင်းရာသီသို့ရောရှိလာပြီး အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာခြင်းကြောင့် မီးလောင်မှုဖြစ်စဉ်များ မဖြစ်ပေါ်စေရေး မီးဘေးအန္တရာယ်ကို ပြည်သူများ သတိပြုနိုင်ရေးနှင့် မီးငြှိမ်းသတ်ရာတွင်အသုံးပြုသည့် မီးသတ်ကားနှင့်ဆက်စပ်ပစ္စည်းများအား ကြံ့ခိုင်မှုစစ်ဆေးခြင်းအနေဖြင့်လည်းကောင်း၊ မီးလောင်မှုဖြစ်ပေါ်ပါက ထိရောက်မြန်ဆန်စွာ မီးငြှမ်းသတ်နိုင်ရေးအတွက် မီးသတ်ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး လေ့ကျင့်သည့်အနေဖြင့်လည်းကောင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)