သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(ပခုက္ကူ)၌ သူနာပြု-သားဖွား အတတ်ပညာရှင်ပေါင်း ၁၈၂၆ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်

ပခုက္ကူ ဖေဖော်ဝါရီ ၁၉

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(ပခုက္ကူ)ကို ပြည်သူအားလုံးကျန်းမာကြံ့ခိုင်စေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ထူးချွန်ထက်မြက်ပြီး ကျင့်ဝတ်သိက္ခာနှင့် ညီညွတ်သော၊ အရည်အသွေးပြည့်ဝသော သူနာပြု-သားဖွားဆရာဆရာမများ မွေးထုတ်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍  ၁၉၆၂ ခုနှစ်မှစတင်ပြီး ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုအခါ သူနာပြု-သားဖွားအတတ်ပညာရှင်ပေါင်း ၁၈၂၆ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ပခုက္ကူမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပခုက္ကူ)ကို ၁၉၆၂ ခုနှစ်တွင် ခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ပြင်ပလူနာဌာနတွင် သားဖွားသင်တန်းကျောင်းအမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအမည်ဖြင့် လက်ရှိနေရာသို့ပြောင်းရွှေ့၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ သူနာပြုဆရာမပေါင်း(၉၃၀)၊ သားဖွားဆရာမပေါင်း (၈၉၆)ဦး၊ စုစုပေါင်းသူနာပြု-သားဖွားအတတ်ပညာရှင်ပေါင်း(၁၈၂၆)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ သူနာပြုများမှာ ကျန်းမာရေးစောင့်ရှောက်မှု၏ အရေးကြီးသော အဓိကစွမ်းအားစုဖြစ်သည့်အပြင် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ပြီး ကျန်းမာရေးမြှင့်တင်ခြင်း၊ ရောဂါကာကွယ်ခြင်းနှင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် အဓိကတာဝန်ယူဆောင်ရွက်ရသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေအတွက်နှင့် အရည်အချင်းပြည့်ဝသော သူနာပြုဆရာ ဆရာမကောင်းများ ပေါ်ထွက်လာရေးနှင့် သင်ကြားသင်ယူမှုများထိရောက်ပြီး ဘက်စုံလွှမ်းခြုံသောပညာရေး ပတ်ဝန်းကျင်ဖြစ်ရေးတို့အတွက် သင်ရိုးညွှန်းတမ်းများနှင့် သင်ထောက်ကူပစ္စည်းများကို ခေတ်နှင့်အညီ သုံးသပ်ပြင်ဆင်ခြင်း၊ အဆင့်မြှင့်တင်ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခြေခံသူနာပြုစုမှုနှင့် သားဖွားအတတ်ပညာရပ်များအသုံးပြုပြီး ပြည်သူများကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြုစုစောင့်ရှောက်ပေးနိုင်ရေးတို့အတွက်  သူနာပြု-သားဖွား ဒီပလိုမာဆိုင်ရာဘာသာရပ်များကို သင်တန်းကာလ (၃)နှစ်ကြာ စာတွေ့လက်တွေ့စနစ်တကျ သင်ကြားလေ့ကျင့်ပြုစုပျိုးထောင်ပေးလျက်ရှိပြီး အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာမကြီးများကလည်း လက်တွေ့ပိုင်းဆိုင်ရာများကို စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းမှပို့ချပေးသော အဆင့်မြင့်ပညာရပ်များနှင့် သူနာပြုဆိုင်ရာသုတေသနများကို စဉ်ဆက်မပြတ် လေ့လာနေကြရန် လိုအပ်ကြောင်း” ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်အေးက ပြောကြားသည်။

လက်ရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပခုက္ကူ)တွင် အပတ်စဉ်(၂၁) တတိယနှစ်(Senior) ၄၆ ဦး၊ အပတ်စဉ်(၂၂) တတိယနှစ်(Junior) ၄၉ဦး၊ အပတ်စဉ်(၂၃) ဒုတိယနှစ် ၄၅ ဦး၊ အပတ်စဉ်(၂၄) ပထမနှစ် ၄၈ ဦး၊ စုစုပေါင်းသူနာပြု-သားဖွား ဒီပလိုမာသင်တန်းသား သင်တန်းသူ(၁၈၈)ဦး တက်ရောက်ပညာဆည်းပူးလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)