စစ်ကိုင်း ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုဇုန်ကြီးကြပ်မှုကော်မတီတို့ပူးပေါင်း၍ လုပ်ငန်းရှင်နှင့် စက်မှုဇုန်ရပ်ကွက်များအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းစက်မှုဇုန်ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုမြင့်က စက်ရုံများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလိုက်နာဆောင်ရွက်မှုများ နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားကာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိကျော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ အား ရှင်းလင်းပြောကြားခဲ့သည်။
ယခုဖွင့်လှစ်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းကို (၃) ရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး စက်ရုံများမှ သင်တန်းသား၊ သင်တန်းသူ (၁၈) ဦး တက်ရောက်ကြောင်း သိရသည်။
နေလင်းအောင်