ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့် အထက်အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့ စောင့်ရှောက်ခြင်းလုပ်ငန်း ဆောင်ရွက်

ငါးသိုင်းချောင်း        ဖေဖော်ဝါရီ  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့် ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအားကျန်းမာရေး အခမဲ့စောင့်ရှောက်ခြင်းကို ယနေ့နံနက် (၈) နာရီ အချိန်ကစတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၏ ဦးဆောင်မှုဖြင့် မြို့ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှမြို့ဆရာဝန်ဒေါက်တာဦးသန့်ဇော်ထွန်း နှင့်ကျန်းမာရေး ဝန်ထမ်းများက အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆေးပေးခြင်း၊ ဆေးထိုးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်နှင်းဝေလွင်နှင့်အလှူရှင်များမှ အလှူငွေများနှင့်အာဟာရများ ကျွေးမွေးလှူ ဒါန်းခဲ့ကြသည်။

ငါးသိုင်းချောင်းမြို့တွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အသက်(၇၀) နှစ်နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့ပြုစုစောင့်ရှောက်ပေး လျက်ရှိပြီး ယနေ့တွင်အဘိုးအဘွား (၁၃၄)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကာ ယခုဆိုလျင် (၁၂၉)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းသိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)