ပခုက္ကူ ဖေဖော်ဝါရီ ၁၈
၂၀၂၆ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ (Grade-12) ကျောင်းသား ကျောင်းသူများအားလုံး ဝင်ရောက်ဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေးတို့အတွက် ရည်ရွယ်၍ မကွေးတက္ကသိုလ်မှ သင်ကြားပို့ချသော တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး (Online Class) သင်တန်းတွင် ပခုက္ကူမြို့နယ်မှ ကျောင်းသား ကျောင်းသူ ၉၈၅ဦး တက်ရောက်သင်ယူခဲ့ကြကြောင်း သိရသည်။
သင်တန်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က Video Conferencing ဖြင့် အဖွင့်အမှာစကားပြောကြားပြီး မကွေးတက္ကသိုလ်မှ ပါမောက္ခများက ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့်(Grade-12) ကျောင်းသား ကျောင်းသူများ ကြိုတင်ပြင်ဆင်လေ့ကျင့်ကျက်မှတ်သင့်သည့် ဘာသာရပ်ဆိုင်ရာသိကောင်းများကို သင်ကြားပို့ချပေးကြသည်။
အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ပြီး ပခုက္ကူတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်နှင့် ကျွန်းရွှေဝါခန်းမ၊ အခြေခံပညာအထက်တန်းကျောင်း(ဝါဇီ) ခန်းမတို့တွင် ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းအုပ်ကြီးများနှင့်ဆရာ ဆရာမများ၏ ကြီးကြပ်မှုဖြင့် (Grade-12) ကျောင်းသား ကျောင်းသူ ၉၈၅ဦး တက်ရောက်သင်ယူခဲ့ကြကြောင်း၊ အဆိုပါသင်တန်းဖွင့်ပွဲသို့ ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ တက်ရောက်ကြပြီး ဘာသာရပ်များအလိုက် သင်ကြားပို့ချနေမှုအပေါ် ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာနှင့် စိတ်အေးချမ်းသာစွာ တက်ရောက်သင်ယူနိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)