ကျွန်းလှ ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ ရာသီအလိုက် စိုက်ပျိုးကြပြီး မိသားစုဝင်ငွေရရှိနေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်မျိုးစုံကို ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင်ပြီး စိုက်ပျိုးကြကြောင်း၊ ယခုနှစ်ဆောင်းရာသီ၌ ဧက ၁၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်တော်တို့ကျေးရွာအနီး ချောင်းဘေးတစ်လျှောက်မှာ စပါးရိတ်သိမ်းပြီး ရေတင်စနစ်နဲ့ ကိုက်လန်၊ ကန့်လန့်၊ ပန်းမုန်လာ၊ မုံလာထုတ်၊ မုံညှင်း၊ ခရမ်း၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နံနံ၊ ရုံးပတီ၊ ငရုတ် စတဲ့သီးနှံများကို စိုက်ပျိုးကြပါတယ်။ သီးနှံပေါ်ချိန်မိသားစုဝင်ငွေရရှိပြီး တိုးချဲ့စိုက်ပျိုးဖို့ပြင်ဆင်ထားပါတယ်” ဟု ရှမ်းစုကျေးရွာတောင်သူ ဦးအေးနိုင်က ပြောသည်။
အဆိုပါ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေး၊ ပိုးနှင်ဆေးပြုလုပ်သုံးစွဲနည်းနှင့် စိုက်ပျိုးရေးဆိုင်ရာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)