(၆၄)ကြိမ်မြောက် ဇလွန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ဇလွန် ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် (၆၄) ကြိမ်မြောက် ဇလွန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲကြီး စာအောင်ဆုနှင်းသဘင်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် အင်္ဂဗိုလ်ပရိယတ္တိ စာသင်တိုက် ဓမ္မဝိစယဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဇလွန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ စာမေးပွဲကြီးကျင်းပရေး ဦးစီးကော်မတီနာယက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက သာသနာရေးဆိုင်ရာ ကိစ္စရပ်များလျှောက်ထားခဲ့သည်။ ယင်းနောက်ပရိယတ္တိ သာသနာနုဂ္ဂဟစာမေးပွဲကြီး၏ သြဝါဒစရိယနာယက သဖန်းကုန်း ကျောင်းဆရာတော်ဘုရားကြီးထံမှ သာရဏိယသြဝါဒကထာများ ခံယူခြင်း၊ အနုမောဒနာ တရားများနာကြားခြင်းနှင့် ပြုခဲ့သမျှသော ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် ဇလွန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ နုဂ္ဂဟစာမေးပွဲကြီးတွင် အောင်မြင်ကြသည့် သံဃာတော်များအား အောင်ဆုလက်မှတ်များချီးမြှင့်ခဲ့ကြပြီး ဇလွန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင် အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အောင်ပွဲအခမ်းအနား ပြီးမြောက်ခဲ့သည်။ ယင်းနောက် (၆၄)ကြိမ် မြောက် ဇလွန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ စာမေးပွဲကြီးတွင် အောင်မြင်ကြသည့်သံဃာတော်များအား ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)