ငဖဲမြို့နယ်၌ နွေသီးနှံများစိုက်ပျိုးရာသီတွင် နွေစပါးနှင့် နွေနှမ်း ၁၇၀၃  ဧက လျာထားစိုက်ပျိုးမည်

ငဖဲ ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် နွေစပါး ၁၂၇၁ နှင့် နွေနှမ်း ၄၃၂ ဧက စုစုပေါင်း ၁၇၀၃ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ ဒေသခံတောင်သူများအနေဖြင့် ဖေဖော်ဝါရီ ဒုတိယပတ်မှစတင်၍ ထွန်ယက်ဆောင်ရွက်နေကြပြီဖြစ်သည်။

၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများသီးနှံများ အဆင်ပြေစွာ ထွန်ယက်စိုက်ပျိုးနိုင်ရေးနှင့် နွေစပါးပျိုးထောင်နိုင်ရေးတို့အတွက် မန်းချောင်းရေလှောင်တမံ၊ ရင့်ရှည်ရေလှောင်တမံနှင့် ဆည်ငယ်၊ ကန်ငယ်များမှဆည်ရေများကို သက်ဆိုင်ရာမြောင်းမကြီးများမှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများသို့  စနစ်တကျ ဖြန့်ဝေပေးလျက်ရှိရာ ကျေးရွာအုပ်စု ၁၁ အုပ်စု ကွင်းပေါင်း ၂၀ တွင် နွေစပါးဧက ၁၂၇၁ နှင့် နွေနှမ်း ၄၃၂ ဧက စုစုပေါင်း ၁၇၀၃ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ဖူးစားပြောင်းများကိုလည်း အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းစားနပ်ရိက္ခာနှင့်စားသုံးဆီဖူလုံရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိရာ နွေသီးနှံများ စိုက်ပျိုးရေးလုပ်ငန်း အကောင်အထည်ဖော်မှုကော်မတီဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မျိုးကောင်းမျိုးသန့်စပါးမျိုးနှင့် နှမ်းမျိုးများကို ရွေးချယ်စိုက်ပျိုးရေး၊ နွေသီးနှံလျာထားစိုက်ဧကပြည့်မီရေးနှင့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့်စိုက်ပျိုးရေးနည်းစနစ်များ၊ တောင်သူအသိပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့် ကွင်းဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)