ပွင့်ဖြူ ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းရာသီက စိုက်ပျိုးခဲ့သည့် ပဲမျိုးစုံသီးနှံ ၁၄၂၆ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ဧက ၈၂၆၃၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ စိုက်ပျိုးခဲ့သော ပဲသီးနှံများအနက် ဆောလျင်စွာစိုက်ပျိုးခဲ့သည့် ပဲသီးနှံစိုက်ခင်းများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စတင်သိမ်းဆည်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပဲမျိုးစုံသီးနှံ ၁၄၂၆ ဧကထိ သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဆောင်းသီးနှံရာသီ ပွင့်ဖြူမြို့နယ်မှာ ပဲမျိုးစုံသီးနှံ ၈၂၆၃၇ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒေသတွင်း သီးနှံစိုက်ပျိုး စွမ်းအားတိုးတက်စေဖို့အတွက် ဒေသခံတောင်သူတွေကို ပဲမျိုးစုံသီးနှံများ တိုးချဲ့စိုက်ပျိုးကြဖို့၊ စိုက်နည်းများ မှန်ကန်အောင် စိုက်ပျိုးကြဖို့၊ စိုက်ပျိုးရေးသွင်းအားစုတွေ စနစ်တကျသုံးစွဲကြဖို့၊ ပိုးမွှားရောဂါကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို သေချာစွာလုပ်ဆောင်ကြဖို့ စတဲ့ တောင်သူပညာပေးတာတွေ ကြိုးပမ်းဆောင်ရွက်ပေးပါတယ်။ လက်ရှိမှာ ဆောလျင်စွာစိုက်ပျိုးနိုင်ခဲ့တဲ့ ပဲသီးနှံစိုက်ခင်းတွေကို စတင်သိမ်းဆည်းနေကြပါတယ်။ ဒီနေ့ထိ ပဲမျိုးစုံသီးနှံ ၁၄၂၆ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ပါတယ်။ ပိုးမွှားရောဂါဝင်ရောက်မှုမရှိတဲ့အတွက် သီးနှံအထွက်နှုန်းတွေလည်း ကောင်းမွန်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံ စိုက်ပျိုးပြီးစီးမှုအနေဖြင့် မတ်ပဲ ၇၂ ဧက၊ ပဲကြီး ၄၆၇၅ ဧက ၊ ပဲကြား ၁၈ ဧက ၊ စားတော်ပဲ ၃၄၈၀ ဧက ၊ ကုလားပဲ ၆၂၁၂၀ ဧက ၊ ပဲလွမ်း ၂၁၇၃ ဧက ၊ ပဲနောက် ၂၇၆ ဧက ၊ ပဲယင်း ၁၁၄ ဧက ၊ ထောပတ်ပဲ ၉၅၈၀ ဧက ၊ အခြားပဲ ၁၂၉ ဧက ၊ စုစုပေါင်း ပဲမျိုးစုံသီးနှံ ၈၂၆၃၇ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ အဆိုပါ ပဲမျိုးစုံသီးနှံများအနက် မတ်ပဲ ၇၂ ဧက၊ ပဲလွမ်း ၁၁၅၂ ဧက၊ ပဲကြား ၁၂ ဧက၊ ပဲနောက် ၁၉၀ ဧကတို့ ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကာ သီးနှံအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် မတ်ပဲ ၁၆ ဒသမ ၃၁ တင်း ၊ ပဲလွမ်းသီးနှံ ၁၆ ဒသမ ၅၄ တင်း ၊ ပဲကြားသီးနှံ ၁၆ ဒသမ ၆၇ တင်း ၊ ပဲနောက်သီးနှံ ၁၂ ဒသမ ၅၃ တင်းနှုန်းစီထွက်ရှိခဲ့ကြောင်း သိရသည်။
ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သီးနှံဖျက်ပိုးမွှားများ ကျရောက်မှုကင်းရှင်းစေရေး ၊ သဘာဝမြေဩဇာ စနစ်တကျသုံးစွဲတတ်စေရေးနှင့် အထွက်နှုန်းများကောင်းမွန်စေရေးအတွက် သီးနှံအချိန်မီ ရိတ်သိမ်းခြွေလှေ့နည်းစနစ်များ စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တောင်သူများအနေဖြင့် ပဲမျိုးစုံသီးနှံကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ပဲသီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)